သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ လူူငယ်ခေါင်းဆောင် ဆုပေးပွဲကျင်းပ


 နိုင်ငံတကာလူူငယ်ခေါင်းဆောင်ဆုပေးပွဲတွင် မသဉ္ဇာရွှန်းလဲ့ရည် ဆုယူနေစဉ်
နိုင်ငံတကာလူူငယ်ခေါင်းဆောင်ဆုပေးပွဲတွင် မသဉ္ဇာရွှန်းလဲ့ရည် ဆုယူနေစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၆ တက်သစ်စ လူငယ် ခေါင်းဆောင်ဆု 2016 Young Emerging Leaders Award ဆုချီးမြှင့်ခံရတဲ့လူငယ် ၁၀ ဦးထဲမှာ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

ဆုပေးပွဲအခမ်းအနားကို ဒီကနေ့ ဗုဒဟူးနေ့ - ဝါရှင်တန်စံတော်ချိန် မနက် ၁၀ နာရီကစလို့ ကျင်းပနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ အခမ်းအနားမှာ ကိုယ်တိုင်ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက်ကိုရဲခေါင်ကို ရှားဖောင် ကမေးမြန်းစဉ် သူကအခုလို စဖြေပါတယ်။

ကိုရဲခေါင်။ ။ ဟုတ်ကဲ့ပါ မရှားဖောင်။ အခုအချိန်မှာတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ Benjamin Franklin ခန်းမထဲမှာ ဆုပေးပွဲအခမ်းအနားကို ကျင်းပနေတာပါ။ အခုဆိုရင် အမေရိကန်ပညာရေးနဲ့ ယဉ်ကျေးမှုရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Evan Ryan က ကြိုဆိုနှုတ်ဆက် မိန့်ခွန်းပြောနေပါတယ်။ ပြီးရင်တော့ အမေရိကန် လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel ကနေပြီးတော့ အမှာစကားပြောကြားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဆုချီးမြှင့်ပွဲအခန်းအနားကျင်းပမှာဖြစ်ပါတယ်။

မရှားဖောင်။ ။ ဆိုတော့ အခုပေးအပ်တဲ့ဆုဟာ ဘယ်လိုသဘောသဘာဝရှိပြီးတော့ ဘယ်သူတွေကို ရွေးချယ်ပေးအပ်တာလဲရှင့်။

ကိုရဲခေါင်။ ။ ဟုတ်ကဲ့။ အခုပေးအပ်တဲ့ဆုကတော့ ကမ္ဘာတဝှမ်းမှာ လူမှုရေးဆိုင်ရာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့တဲ့ ကမ္ဘာတဝှမ်းကလူငယ်တွေ ၊ လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ပြီး နှစ်စဉ်ပေးအပ်သွားမယ့် ဆုဖြစ်ပါတယ်။ ဒီနှစ်ကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးက မတူညီတဲ့ လူမျိုးဘာသာနဲ့ နောက်ကြောင်း နောက်ခံမတူညီတဲ့ လူငယ် ၁၀ ဦး ကို ဒီနှစ်ပေးအပ်ခဲ့ပါတယ်။ ဒီအထဲမှာဆိုရင်တော့ ထိခိုက်လွယ်တဲ့ အခြေအနေရှိတဲ့ လူငယ်တွေအတွက်အပြောင်းအလဲဖြစ်အောင် ၊ ပိုကောင်းတဲ့အခြေအနေဖြစ်လာအောင်ကြိုးစားနေတဲ့သူတွေ ဘာသာလူမျိုး မတူတဲ့ အုပ်စုတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုရလာအောင် interfaith dialogue ပေါ့နော် အဲဒီ ကြိုးပမ်းအားထုတ်နေတဲ့သူတွေ နောက် ဒီမိုကရေစီအပြောင်းအလဲဖြစ်နေတဲ့ နိုင်ငံတွေမှာ ချောမွေ့တဲ့အပြောင်းအလဲဖြစ်အောင် ကြိုးပမ်းအားထုတ်နေတဲ့လူငယ်တွေ အဲဒီလိုအမျိုးမျိုးလုပ်ဆောင်နိုင်တဲ့လူတွေပါပါတယ်။ အဲဒီထဲကမှ တဦးကတော့ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည် ပါဝင်ပါတယ်။ သူနဲ့ပတ်သက်လို့မေးမြန်းတဲ့အခါမှာတော့ မသဉ္ဇာရွှန်းလဲ့ရည်က အခုလိုပဲ ပြောပြခဲ့ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်။ ။ “ဒီဆုကို ရတဲ့အခါမှာ ကျမအနေနဲ့ ဝမ်းသာတာက လှုပ်ရှားမှုပေါ့နော် အခက်အခဲတွေကြားထဲ လုပ်ခဲ့ရတာတွေလည်း ရှိတယ်။ မဆုတ်မနစ်နဲ့ ဆက်တိုက် စိန်ခေါ်မှုတွေကြားထဲက လုပ်ခဲ့ရတာတွေလည်းရှိတယ်။ ဒါတွေကို အသိအမှတ်ပြုခံရတဲ့အတွက်ကြောင့်မို့ အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆုကို ချီးမြှင့်ပေးတဲ့အတွက် အများကြီး ဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ တချိန်တည်းမှာလည်း အခု အမေရိကန်ပြည်ထောင်စုမှာ ကျမတို့ လာပြီးတော့ ဆုရတဲ့ လူငယ်အချင်းချင်း ဆွေးနွေးမှုတွေ လုပ်ရတယ်။ နောက် အသိပညာတွေ ဖလှယ်ရတဲ့အခါမှာ ကိုယ်နဲ့ သက်တူရွယ်တူတွေက တခြားလူငယ်တွေက သူတို့နိုင်ငံတွေမှာရော ဒီလို အခက်အခဲတွေကြားထဲက လှုပ်ရှားမှုတွေ လုပ်ကြသလဲဆိုတဲ့ အဓိကက စိတ်ခွန်အားရပါတယ်။ စိတ်ခွန်အားတွေက ကျမအတွက် အများကြီး ရှေ့ဆက် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် တွန်းအားတွေပေးတယ်။ ဒါ့အပြင် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဒါတွေကလည်း ဒီ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ရခဲ့တယ်။ နောက် အမေရိကန်လွှတ်တော်တွေကိုလည်း သွားရောက် လေ့လာပြီးတော့ အကြံပြုတာတွေကိုလည်း လုပ်ခဲ့ရတယ်။ ဒါတွေက နောက်ပိုင်းတွေ လူငယ်တွေရဲ့ ပါဝင်မှု၊ မြန်မာနိုင်ငံက လူငယ်တွေကိုလည်း နိုင်ငံတကာစင်မြင့်မှာ ထပ်မံ တွေ့ရှိရဖို့အတွက်ကို အခွင့်အလမ်းကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒါကတော့ မသဉ္ဇာရွှန်းလဲ့ရည် ပြောပြသွားတာပါ။

မရှားဖောင်။ ။အခုအခမ်းအနားကို တက်ရောက်လာသူ ဘယ်လောက်ရှိပြီးတော့ ၊ နောက်ဆုံးတွေ့ရတဲ့ အခြေအနေလေး ပြောပြပေးပါဦး။

ကိုရဲခေါင်။ ။ ဟုတ်ကဲ့။ ဒီနေ့အခမ်းအနားမှာတော့ စုစုပေါင်းလူ ၁၅၀ လောက်တက်ရောက်ပါတယ်။ ဒီအထဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနကတာဝန်ရှိသူတွေ ၊ ဖိတ်ကြားထားတဲ့ အမေရိကန်လူငယ်တွေ တခြားလူငယ်ခေါင်းဆောင်တွေနဲ့ အခုဆုရွေးချယ်ခံထားရတဲ့လူငယ်တွေလည်းပါဝင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ထဲကဆိုရင်တော့ အာဖဂန်နစ္စတန် သမ္မတ ၊ ဂျော်ဂျီယာသမ္မတနဲ့ မော်တာ နိုင်ငံ သမ္မတ တွေလည်း တက်ရောက်တာတွေ့ရပါတယ်ခင်ဗျ။

XS
SM
MD
LG