သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနည်းဆုံး လုပ်ခလစာ အဆိုပြု သတ်မှတ်ချက် အလုပ်ရှင်ရော အလုပ်သမားပါ ကန့်ကွက်


ရန်ကုန်တိုင်းတွင်းက အထည်ချုပ်စက်ရုံလုပ်ငန်းခွင်။
ရန်ကုန်တိုင်းတွင်းက အထည်ချုပ်စက်ရုံလုပ်ငန်းခွင်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် တနေ့လုပ်အားခ ကို အနိမ့်ဆုံး ၃၆၀၀ကျပ် သတ်မှတ်ဖို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီကနေ ပြီးခဲ့တဲ့ လကုန်က အဆိုပြုခဲ့ပါတယ်။ ဒီအဆိုပြုချက်ကို အလုပ်ရှင်ဘက်ကရော အလုပ်သမားတွေ ဘက်ကပါ ကန့်ကွက်မှုတွေ ရှိနေပြီးတော့ ဒီအဆိုပြုချက် အပေါ် ကန့်ကွက်လိုသူ အကြံပြုလိုသူတွေ အနေနဲ့လည်း တနင်္လာနေ့ အထိ နောက်ဆုံးထား လက်ခံပေးသွားမှာ ဖြစ်တယ်လို့ ကော်မတီ တာဝန်ရှိသူ ကပြောကြားပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အလုပ်ရှင်တွေဘက်ကနေ အနိမ့်ဆုံး တနေ့လုပ်အားခ ၂၅၀၀ကျပ် ထက် ပိုမပေးနိုင်ဘူး လို့ သတင်းထွက်နေချိန်မှာ တနေ့ အနိမ့်ဆုံးလုပ်အားခကို ၄ထောင်ကျပ် သတ်မှတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြတာပါ။ ဒီ့အတွက် အနည်းဆုံး အခကြေးငွေ ဆိုင်ရာ အမျိုးသားကော်မတီကနေ တစ်နာရီကို ၄၅၀ကျပ်နဲ့ တနေ့ ၈နာရီ လုပ်အားခကို ၃၆၀၀ကျပ် အဖြစ် သတ်မှတ်နိုင်ရေး ပြီးခဲ့တဲ့ ဇွန်လ၂၉ရက်နေ့က အဆိုပြုခဲ့ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ် ။

ဒီသတ်မှတ်ချက်ကို ကန့်ကွက်တာတွေ အကြံပြုချင်တာတွေရှိပါက ၂ ပတ် အတွင်း ပြုလုပ်နိုင် တယ် လို့ ဆိုထားတာပါ။ ဒီအတွက် အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အပါအဝင် လုပ်ငန်းရှင်တွေဘက်ကကော အလုပ်သမားတွေဘက်ကပါ ကန့်ကွက်မှုတွေရှိ လာတယ် လို့ ကော်မတီရဲ့အတွင်းရေးမှူးလည်းဖြစ် အလုပ်သမား ညွန်ကြားမူ ဦးစီးဌာနက တိုင်းဦးစီးမှူး လည်းဖြစ်တဲ့ ဒေါ်မိုးမိုးသွင်-က ပြောပြ ပါတယ်။

" တိုင်းဒေသကြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသကြီး ကော်မတီ ဆိုပြီးတော့ သတ်မှတ်ထားတယ်။ အဲ့ဒီ့မှာ ဥက္ကဋ္ဌ က အဲ့မှာ တိုင်းဒေသကြီး ဝန်ကြီး ၊ အတွင်းရေးမှူးက ကျမ ဆိုတော့ ကျမဆီကို မိတ္တူပို့ထားတာ အခုဆိုရင် ၁၂ စောင်လား၊ ၁၃စောင်လား အဲ့လောက်တော့ ရောက်နေပါပြီ။ အလုပ်သမားတွေဘက်ကတော့ အခုလက်ရှိ တစောင်ရောက်လာပါတယ်။ ဒီနေ့ပဲ တစောင်ရောက်လာပါတယ်။ စုပြီးပို့တဲ့ အစောင်လည်းပါတယ်။ တဦးချင်းလည်း ပါတယ်ပေါ့။ ကိုယ့်စက်ရုံနဲ့ ကိုယ်ပို့တာလည်း ရှိတယ်။ တဦးချင်းပို့တာဆိုလို့ နှစ်ခုပဲ ရှိပါတယ်။

Korea Garment Association ဆိုပြီးတော့ ခေါင်းစဉ်နဲ့ပဲ Group ကိုယ်စားပေါ့နော်။ အဲ့တာပို့ထားတာရှိမယ်။ အဲ့ နောက်တခုက Group နဲ့ ဆိုလို့ရှိရင် လှိုင်သာယာမြို့နယ် အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဆိုပြီးတော့ အသင်း ကိုယ်စားပြု ပြီးတော့ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြို့နယ် အထည်ချုပ်လုပ်ငန်းရှင်များ အားလုံး ၁၈ဦးပေါ့။ ၁၈ရုံ ကိုယ်စား ပို့ထားတာရှိတယ်။ Group နဲ့ ဆို ပို့ထားတာ အဲ့ဒီ့နှစ်ခုပဲ ရှိပါတယ်။ ကျန်တာကတော့ ကိုယ့်စက်ရုံနဲ့ ကိုယ် ပို့တာပါပဲ။"

ဒီလိုကန့်ကွက်မှုတွေ အကြံပြုမူတွေကို အားလုံကို ဇူလိုင်လ ၁၃ရက်နေ့အထိ လက်ခံသွားမှာဖြစ်တယ်လို့လည်းဒေါ်မိုးမိုးသွင်က ဆိုပါတယ်။

" ၁၃ရက်နေ့အထိ ကျမတို့က လက်ခံပေးသွားမှာပဲလေ။ ပြည့်မှာက ၁၃ရက်နေ့ ပြည့်မှာဆိုတော့ ၁၃ရက်နေ့အထိ နေကုန်တဲ့အထိ စောင့်ပေးရမှာပါ။"

ဒီအဆိုပြုချက်မှာ သတ်မှတ်ထားတဲ့ လုပ်အားခနှုန်းထားကို အလုပ်သမားရေး လုပ်ဆောင်နေသူတွေဘက်က ထောက်ခံတာတွေ ကန့်ကွက်တာတွေလည်း ရှိနေတာပါ။ အလုပ်ရှင်တွေအတွက်ရော အလုပ်သမားတွေအတွက်ပါ သင့်တင့် မျှတအောင် ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ကော်မတီကဆိုပါတယ်။

အလုပ်ရှင်တွေဘက်က ကန့်ကွက်မှုတွေ ပိုများနေတဲ့အတွက် အလုပ်ရုံတွေ ပိတ်သွားတာမျိုးတွေ ရှိနိုင်ပါသလားလို့ မေးတဲ့အခါမှာတော့ ဒေါ်မိုးမိုးသွင်က အခုလိုပြောပါတယ် ။

" ပိတ်သွားနိုင်သလားဆိုတော့ တချို့ နဂိုကတည်းက ကိုက သိပ်ပြီးတော့ စီးပွားရေး အော်ဒါတို့ဘာတို့ နဂိုကတည်းက ကောင်းကောင်းကန်းကန်းကြီး မရတဲ့စက်ရုံတွေကတော့ ပိတ်ကောင်းပိတ်သွားနိုင်တယ် ဒါပေမဲ့ ကျမထင်ပါတယ်။ ပိတ်တာကလည်း အနည်းစုပဲ ဖြစ်လိမ့်မယ်လို့ ကျမအထင်ပေါ့လေ။"

တစ်နေ့ လုပ်အားခ သတ်မှတ်နှှုန်းထားဟာ အလုပ်သမားတွေနဲ့ ပတ်သက်လို့ တနိုင်ငံလုံး တပြေးညီလုပ်ဆောင်ဖို့အတွက် အဆိုပြုလွာမှာပါရှိပြီး အလုပ်သမား ဦးရေ ၁၅ဦးအောက် ရှိတဲ့ လုပ်ငန်းတွေနဲ့ မိသားစုပိုင် တနိုင်တပိုင် လုပ်နေတဲ့ လုပ်ငန်းတွေနဲ့ တော့ အကြုံးဝင်မှု မရှိဘူးလို့ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီရဲ့ ကြေညာချက်မှာ ပါရှိပါတယ် ။

မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်လောက်ကစပြီး လုပ်အားခတိုးပေးရေး အလုပ်ချိန် သတ်မှတ်ပေးရေး တနေ့ လုပ်အားခသတ်မှတ်ပေးရေး ဆန္ဒြပတောင်းဆိုမှုတွေ ရှိခဲ့ပြီး အလုပ်ရှင် အလုပ်သမားပြသနာတွေ အများပေါ်ပေါက်ခဲ့ပါတယ်။

မကြာသေးခင် ဖေဖေါ်ဝါရီလထဲမှာပဲ ရန်ကုန်မြို့မှာ ထောင်ဂဏန်းရှိတဲ့ အလုပ်သမားတွေက တနေ့ လုပ်အားခကို အာဆီယံ စံနှုန်းအတိုင်း သတ်မှတ်ပေးဖို့ တောင်းဆိုကြပြီး ဒီလို ဆန္ဒပြကြတဲ့ အတွက် အလုပ်သမားတွေဟာ ခွင်ြ့ပုမိန့်မရပဲ စီတန်းလှည့်မှု ပုဒ်မ ၁၈ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုခံနေရပါတယ်။

XS
SM
MD
LG