သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fair စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Fair စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Fair စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

မေလ ၂၄၊ ၂၀၁၀ - အီဒီယံ အသုံးအနှုန်းများမှာ fair and square, fair shake, fair game နဲ့ fair haired boy တို့ ဖြစ်ကြပါတယ်။

Fair စကားလုံးကို အခြေခံပြီး ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ fair and square ဖြစ်ပါတယ်။ Fair = တရားမျှတသော၊ And = နှင့်၊ Square = စတုရန်လေးထောင့် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တရားမျှတပြီး ထောင့်လေးထောင့် ညီခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ မှန်မှန်ကန်ကန် သန့်သန့်ရှင်းရှင်း၊ တရားမျှမျှတတ ဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

Fair and Square နဲ့ အဓိပ္ပါယ်ဆင်တဲ့ နောက်အီဒီယံတခုကတော့ fair shake ဖြစ်ပါတယ်။ Fair ကို ဒီနေရာမှာ Shake = လှုပ်သည်၊ ရမ်းသည် ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားလုံးနဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တရားမျှမျှတတ လှုပ်ရမ်းသည် ဖြစ်ပါတယ်။ Fair shake ရဲ့ အီဒီယံ အဓိပ္ပါယ်ကတော့ လူတိုင်းကို အညီအမျှ အခွင့်အရေးပေးတာကို ဆိုလိုပါတယ်။ ဒီ အီဒီယံက ကြွေးအန်ကစားနည်း၊ အန်စာတုံး ကစားနည်း တို့မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒိုင်လုပ်သူက အန်စာတုံးကို ခုံပေါ်မှာ လှိမ့်ချလိုက်တဲ့အခါ အပေါ်မျက်နှာစာမှာ တွေ့ရတဲ့ ဂဏန်းနှစ်ခုပေါင်းဟာ ကိုယ်ထိုးထားတဲ့ ဂဏန်းနဲ့ သွားတူရင် အလျှော်အစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။

အန်စာတုံးတွေကို ဒိုင်လုပ်သူက လှိမ့်မချလိုက်ခင် သူလက်ခုပ်ထဲမှာ (သို့မဟုတ်) ခွက်ထဲမှာ အန်စာတုံးကို လှုပ်ပေးရတာ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရာမှာ မှန်မှန်ကန်ကန် ဖြစ်ဖို့က ကစားသူတွေအားလုံး ကျေနပ်လောက်အောင် လှုပ်ပြီးမှ လှိမ့်ချပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မှန်မှန်ကန်ကန် လှုပ်သင့်လှုပ်ထိုက်သလို လှုပ်ပေးတာမျိုးကို fair shake လို့ ဆိုလိုပါတယ်။

Fair shake နဲ့ တွဲပြီး fair and square ကို သုံးထားတဲ့ Paulin Gary ပေးထားတဲ့ အောက်ပါ ဥပမာကို လေ့လာကြည့်ပါ။

“When I buy a new car, I buy it from Bill Green. He is always fair and square with customers. So, you can depend on him to give you a fair shake when it comes to getting a good price.”

“ကျမ ကားသစ်ဝယ်တယ့်အခါ Bill Green ဆီက ဝယ်ပါတယ်။ အမြဲပဲ သူက ဝယ်သူတွေအပေါ် မှန်မှန်ကန်ကန် ဆက်ဆံပါတယ်။ ဒါကြောင့် ဈေးမှန်မှန်ကန်ကန်နဲ့ ဝယ်ယူချင်ရင် သူဆီမှာ ဈေးမှန်မယ်ဆိုတာကတော့ စိတ်ချရပါတယ်။”

ဒုတိယ တင်ပြပေးမယ့် အီဒီယံကတော့ fair game ဖြစ်ပါတယ်။ Fair = တရားမျှတသော ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးထားတယ့် Game မှာ အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာတော့ တောလိုက်သားကောင် ကို ဆိုလိုတာ ဖြစ်ပါတယ်။ အပျော်တမ်းဖြစ်စေ၊ အစားအတွက်ဖြစ်စေ တောလိုက်ရာမှာ သတ်ဖြတ်ပစ်ခတ်ခံရတယ့် တောရိုင်းတိရစ္ဆာန်တွေကို ဆိုလိုပါတယ်။ သဘာဝ တောရိုင်းတိရစ္ဆာန်တွေကို ဘေးမဲ့ပေးထားသစ်တောကို စောင့်ရှောက်ဖို့ တာဝန်ပေးထားသူကို Game Keeper လို့ ခေါ်ဆိုပါတယ်။ Fair ဆိုတယ့် အဓိပ္ပါယ်က ဒီနေရာမှာ လုပ်ပိုင်ခွင့်ရှိသည် ဖြစ်ပါတယ်။ ဒါကြောင့် Fair Game ရဲ့ အဓိပ္ပါယ်က ပစ်ခတ်တိုက်ခိုက် ပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

အီဒီယံအဓိပ္ပါယ်ကတော့ နေ့စဉ်အသုံးမှာ လူအများရဲ့ ကဲ့ရဲ့ ပြောဆိုဝေဖန်မှုကို ခံရဖွယ် ရှိသူကို ဆိုလိုပါတယ်။ ဥပမာ public အများလူထုကိုယ်စားပြုတဲ့ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် စသဖြင့် ရာထူးတွေကို ယူထားတယ့် လူတွေအပေါ်မှာဆိုရင် သတင်းမီဒီယာ စည်းမျဉ်းတွေအရ သူတို့ ဘာလုပ်လုပ် စုံစမ်းစစ်ဆေး ရေးသားထုတ်ပြပိုင်ခွင့် ရှိကြပါတယ်။ အများပြည်သူတွေ တင်မြှောက်ထားတဲ့ နိုင်ငံရေး ရာထူးတွေမှာဆိုရင် အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ကျင့်ဝတ်သိက္ခာ စောင့်စည်းမှုတွေကို သတင်းမီဒီယာတွေက စောင့်ကြည့်ရေးသားကြတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ Pauline Gary ပေးထားတယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“Politics is a tougher business now than used to be. These days a candidate is fair game for the press. They’re poking to every corner of his past life to see what scandal they can dig out.”

“နိုင်ငံရေးဟာ အခုဆိုရင် အရင်ကထက် ပိုပြီးခက်ခဲ ကြမ်းတမ်းလာပြီ။ ဒီခေတ်ဒီအခါမှာတော့ ကိုယ်စားလှယ်လောင်းတဦးဟာ သတင်းစာနယ်ဇင်း လောကရဲ့ သားကောင်ဘဝ ရောက်နေတော့တယ်။ သူတို့တွေက အဲဒီ ပုဂ္ဂိုလ်ရဲ့ နောက်ကြောင်းဟာ ဘယ်လိုနံမည်ပျက် အရှုပ်တော်ပုံတွေ ရှိသလဲဆိုတာကို သိလိုကြတဲ့အတွက် ချောင်ကြိုချောင်ကြား မကျန် ရှာဖွေကြတော့တယ်။”

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံကတော့ fair haired boy ဖြစ်ပါတယ်။ Fair က ဒီနေရာမှာ ဖြူသည်၊ ရွှေဝါရောင်၊ ပြောင်းဖူးအမွှေးရောင် ထသည် ဖြစ်ပါတယ်။ Haired က ဆံပင်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် fair haired က ဆံပင်အဖြူရောင်၊ ရွှေဝါရောင်ဆံပင် ဒါမှမဟုတ် ပြောင်းဖူးမွှေးရောင်ဆံပင်မျိုးကို ဆိုလိုပါတယ်။ Boy ကတော့ ယောကျ်ားလေး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရွှေဝါရောင်ဆံပင်ရှိတဲ့ ယောကျ်ားလေး ဖြစ်ပါတယ်။

အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဒီနေရာမှာ မိသားစုအတွင်းမှာဖြစ်စေ၊ လုပ်ငန်းမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ မျက်နှာသာ ပေးခြင်းခံရသူ၊ အရေးပေးခြင်း ခံရသူ၊ ဖူးဖူးမှုတ်ခံရသူကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဆရာမရဲ့ အချစ်တော်၊ အမေရဲ့ အသဲကျော်၊ ဆရာရဲ့ တပည်အရင်း တို့လို့ ဖြစ်ပါတယ်။

အောက်ပါ Pauline Gary ပေးထားတယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“Larry is the teacher’s fair haired boy in our English class. He pretends to her face that she is the best teacher he has ever had, but he said nothing, but nasty things behind her back.”

“Larry ဟာ ကျမတို့ အင်္ဂလိပ်စာအတန်းမှာ ဆရာမရဲ့ အသဲကျော် ဖြစ်တယ်။ သူက ဆရာမရှေ့မှာဆို ဆရာမက သူသင်ခဲ့ဘူးတဲ့ ဆရာ၊ ဆရာမတွေထဲမှာ အကောင်းဆုံးလို့ ဟန်လုပ်ပြီး ပြောဆိုတယ်။ ဆရာမ နောက်ကွယ်မှာတော့ ဆရာမအကြောင်း ကောင်းတာတခုမှ မပြောဘူး။”

XS
SM
MD
LG