သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၄)


Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၄)
Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၄)

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ the road, came out swinging နဲ့ swing voters ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခုလို ကာလမျိုးမှာ သတင်းမီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲ လှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ အသုံးပြုကြတဲ့ အသုံးအနှုန်းတွေထဲက စကားလုံးတချို့ကို ရွေးချယ်တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက hit the road နဲ့ came out swinging တို့ ဖြစ်ကြပါတယ်။ Hit = ရိုက်သည်၊ ထိသည်။ the Road = လမ်း တို့ ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က လမ်းကိုထိသည် ဖြစ်ပါတယ်။ တနည်းအားဖြင့် ခြေထောက်နဲ့ လမ်းကိုထိတွေ့သည် ဖြစ်တာကြောင့် ဒီအသုံးအနှုန်းရဲ့ အီဒီယံအဓိပ္ပါယ်က ခရီးစတင်သည် ဖြစ်ပါတယ်။ Came out = ထွက်လာသည်။ Swinging = (လက်) ဝှေ့ရမ်းထွက်လာသည်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ (လက်) ဝှေ့ရမ်းပြီးထွက်လာသည် ဖြစ်ပါတယ်။ ဒီစကားလုံးမှာ လက်ဝှေ့ပွဲက ဆင်းသက်လာတဲ့ စကားလုံး ဖြစ်ပါတယ်။

ဥပမာ အားလုံးသိကြတဲ့ အမေရိကန် လက်ဝှေ့အကျော် Mike Tyson နဲ့ Evander Holyfield တို့ တချိန်က champion စိန်ခေါ်ပွဲ ထိုးကြရာမှာ ပွဲစဖို့ အချိန်ပေး ခေါင်းလောင်းသံကြားတာနဲ့ ဒီ လက်ဝှေ့အကျော်အမော် နှစ်ဦးတို့က တဦးကိုတဦး အလဲထိုးနိုင်အောင် လက်သီးဟန်တပြင်ပြင်နဲ့ ကြိုးဝိုင်းအထဲ ခုန်ဝင်လာတာကို လက်ဝှေ့ပွဲ ကြည့်သူတွေ မြင်ဘူးကြမှာပါ။

ဒီနေရာမှာ လက်ဝှေ့သမားတွေက ဘယ်လိုဟန်ပြင်ပြီး အပြင်ကို ထွက်လာကြသလဲဆိုရင်

They both came out swinging လို့ ပြောနိုင်ပါတယ်။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းသလို ကျမတို့ မြန်မာလက်ဝှေ့မှာတော့ ပွဲအစမှာ လက်ခမောင်း အပြန်အလှန်ခတ်ပြီး ထွက်လာကြတဲ့ သဘောလို ဖြစ်ပါတယ်။ Came out swing ဟာ အခုအခါ နိုင်ငံရေးလောကထဲ ရောက်ရှိလာတဲ့ အီဒီယံ စကားစု ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တဖတ်နဲ့တဖက် အပြန်အလှန် ပုတ်ခတ်ပြောဆိုဖို့၊ တိုက်ခိုက်ပြောဆိုဖို့ အဆင်သင့် ရှိကြတဲ့ အနေအထားကို ဆိုလိုတာ ဖြစ်ပါတယ်။

Hit the road နဲ့ Came out swinging တို့ကို အတူတွဲသုံး ရှင်းပြရခြင်းကတော့ George Crows တင်ပြပေးမယ့် အောက်ပါဥပမာမှာ အီဒီယံ (၂) မျိုးလုံးကို ထည့်သွင်းတင်ပြထားတာကြောင့် ဖြစ်ပါတယ်။

After taking a break for a day, two candidates hit the road this morning for another hard week of campaigning. They both came out swinging .

တရက်ကြာ အနားယူပြီးနောက် ကိုယ်စားလှယ်လောင်း (၂) ယောက်တို့က သတင်းတပတ်ကြာ မဲဆွယ်လှုပ်ရှားဖို့ ဒီနေ့မနက်မှာ ခရီးထွက်ခဲ့ကြပြန်ပြီ။ သူတို့ (၂) ဦးစလုံး ဘတပြန်ကျားတပြန် ချေပတိုက်ခိုက်ပြောဆိုဖို့ အဆင်သင့် ရှိနေကြပြီ။

နောက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ swing voter ဖြစ်ပါတယ်။ Swing = ရမ်းတာ၊ လွှဲတာ။ Voter = မဲဆန္ဒရှင် တို့ ဖြစ်ပါတယ်။ စကားစုတိုက်ရိုက်အဓိပ္ပါယ်က မဲဆွယ်နေတဲ့ နိုင်ငံရေးပါတီတွေကို ဘယ်သူကို ထောက်ခံမယ်လို့ အတိအကျ မပြောသေးဘဲ ဟိုဘက်ပါကောင်းနိုးနိုး၊ ဒီဘက်ပါကောင်းနိုးနိုး ဇဝေဇဝါ ဝေခွဲမရနိုင်တဲ့ မဲဆန္ဒရှင်ကို ခေါ်ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလင်ကန် နဲ့ ဒီမိုကရက် ပါတီကြီး (၂) ခု ရှိကြရာမှာ ပါတီစွဲအရ မဲပေးကြပေမယ့် တချို့ပါတီတွေမှာတော့ လက်ရှိမှာ အဆုံးအဖြတ် မပေးဘဲရှိနေတတ်တာ ရှိပါတယ်။ အဲဒီလိုရှိနေတဲ့ ပြည်နယ်တွေကို swing state လို့ ခေါ်ကြပါတယ်။ မဲပေးရာမှာ ပုဂ္ဂိုလ်ရေးအရ၊ ပါတီလိုင်းအရ ပေးလေ့ရှိကြပါတယ်။ တချို့ကတော့ သူတို့အလေးထားတဲ့ကိစ္စ၊ သူတို့ စိတ်ကိုစွဲဆောင်နိုင်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးကြဖို့ ဆုံးဖြတ်ကြတာ ရှိကြပါတယ်။ အဲဒီ လူတွေကို swing voter လွှဲပြောင်းမဲဆန္ဒရှင်တွေလို့ ခေါ်ဆိုကြပါတယ်။

မြန်မာ့နိုင်ငံရေးမှာတော့ တဖတ်ပါတီ ကူးပြောင်းသွားသူတွေကို ခြံခုန်နိုင်ငံရေးသမားလို့ ခေါ်ဆိုသလို ဖြစ်ပါတယ်။ ဒီတော့ swing voter တွေကိုလည်း ဒီလို ခေါ်ဆိုနိုင်မလားလို့ မေးခွန်းထုတ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီ swing voter တွေကို ရွေးကောက်ပွဲကျင်းပနီးချိန်မှာ ပိုပြီးအချိန်ပေး မဲဆွယ်ကြလေ့ ရှိကြပါတယ်။

George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

The election in Michigan is too close to predict. It will be s wing voters who will decide who win there.

Michigan ပြည်နယ်မှာ ရွေးကောက်ပွဲ အခြေအနေဟာ တဦးနဲ့တဦး အကြိတ်အနှယ်ဖြစ်နေတဲ့အတွက် ဘယ်သူနိုင်မယ်ဆိုတာကို ပြောနိုင်ဖို့ အလွန်ခက်နေပါတယ်။ ဘယ်သူနိုင်မယ်ဆိုတာကို အဆုံးအဖြတ်ပေးနိုင်မှာကတော့ ဘယ်သူကိုမဲပေးရမယ်ဆိုတာက မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေ ဖြစ်ပါတယ်။

XS
SM
MD
LG