သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Moon စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


A full moon "supermoon" rises in between four towers in a skyscrapers area in Madrid, Spain, January 31, 2018.
A full moon "supermoon" rises in between four towers in a skyscrapers area in Madrid, Spain, January 31, 2018.
တိုက်ရိုက် လင့်ခ်


ဇန္နဝါရီလ ၃၁ ရက်နေ့ က ကမ္ဘာမှာထူးခြားလှတဲ့ Blue Moon လို့ခေါ်တဲ့ တလထဲ လပြည့်ရက် ၂ ခါကြုံသလို ကမ္ဘာနဲ့ လမင်းကြီး အနီးဆုံးအချိန်မို့ ပိုပြီးကြီးတဲ့ ပိုပြီးလင်းထိန်တဲ့ (Super moon) ကို တအံ့တသြ တွေ့မြင်ခဲ့ကြတဲ့အပြင် Blood Moon လအပြည့်ကြတ်တဲ့ ဒီထူးခြားတဲ့ဖြစ်စဉ် သုံးရပ် တို့ဖြစ်တဲ့ Super Blue Blood Moon တနေ့ထဲကြုံတောင့်ကြုံခဲဖြစ်ခဲ့တာမို့် ဒီတပတ် English American-Style Idioms ကဏ္ဍမှာ Moon ကို အခြေခံတဲ့ အီဒီယံအသုံးဖြစ်တဲ့ Once in a blue moon အပါအဝင် Reach for the moon, Over the moon နဲ့ Moonlight တို့ကို တင်ပြထားပါတယ်။

(၁) Once in a blue moon

Once (တကြိမ်)၊ in (အတွင်းမှာ)၊ a blue moon (အပြာရောင်လ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အပြာရောင်လ ထွက်တဲ့တကြိမ်ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက၊ အမေရိကန်ပြည်ထောင်စုရဲ့အရှေ့မြောက်ပိုင်းအကျဆုံးဖြစ်တဲ့ Maine ပြည်နယ်ရှိ လယ်သမားတွေရဲ့ မိုးလေဝသခန့်မှန်းခြေ လက်စွဲစာအုပ်ထဲက ဖြစ်ပါတယ်။ အဲဒီမှာ ပြက္ခဒိန်ကို ကျမတို့ မြန်မာမှာလိုပဲ လပြည့်လကွယ်နဲ့ သတ်မှတ်ရာမှာ လပြည့်ကို အနီရောင်နဲ့ ချယ်ပြထားတယ်လို ဆိုပါတယ်။ အများအားဖြင့် တလတကြိမ်သာလပြည့်လေ့ရှိပေမဲ့ ၊ တချို့လတွေမှာ တလတည်း နှစ်ကြိမ်လပြည့်တဲ့ အခါတွေလည်း ရှိတော့ ပထမလပြည့်ကို အနီရောင် ခြယ်ပြထားပြီး၊ ဒုတိယလပြည့်ကိုတော့ အပြာရောင်နဲ့ ခြယ်ပြထားရာကနေ အပြာရောင်လဆိုတဲ့ အသုံးဆင်းသက်လာတာ ဖြစ်ပါတယ်။ Once in a blue moon ဆိုတဲ့ တလမှာ လပြည့်နှစ်ခါ ကြုံဖို့ခဲယဉ်းလှသလို ဒီအသုံးရဲ့အီဒီယံအဓိပ္ပါယ်က ကြုံတောင့်ကြုံခဲ ရှိလှတဲ့အဖြစ်မျိုး၊ သိပ်ကိုပြုလုပ်ခဲလှတဲ့အခြေအနေမျိုး ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံး ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’ve bought a house recently. So lately , to save more money I only eat out once in a blue moon.

ကျနော်မကြာသေးမီကဘဲ အိမ်ဝယ်လိုက်တယ်။ ဒါ့ကြောင့် ခုနောက်ပိုင်း ငွေပိုစုနိင်ဖို့၊ အပြင်ထွက်ဝယ်စားခဲတယ်။

(၂) Reach for the moon

Reach (မှီအောင်လှမ်းတာ)၊ for (အတွက်)၊ the moon (လမင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို လှမ်းတာ ဖြစ်ပါတယ်။ ဒီနေရာမှာ Moon အစား ကြယ်တွေလို့ အဓိပ္ပါယ်ရတဲ့ Stars နဲ့အစားထိုးပြီး Reach for the stars လို့လည်း ပြောလို့ရပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လကို လက်လှမ်းမီအောင် ကြိုးစားတယ်ဆိုရင် လက်တွေ့မှာ မဖြစ်နိုင်တာမို့ အီဒီယံအဓိပ္ပါယ်က သိပ်ကိုခက်ခဲလှတဲ့ ၊ မဖြစ်နိုင်တဲ့ ကြိုးပမ်းမှုကို ဆိုလိုတာ ဖြစ်ပါတယ်။ လကိုဆွတ်ဖို့ ၊ ကြယ်ကိုဆွတ်ဖို့ ကြိုးစားတယ်ဆိုတဲ့ လက်တွေ့မကျတဲ့ ၊ စိတ်ကူးယဉ်ဆန်ဆန်ပြောတာမျိုးဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

There’s no harm in reaching for the moon, but you have to be prepared to face disappointment.

မဖြစ်နိုင်တာကို မျှော်မှန်းဖို့ ကြိုးပမ်းတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့လို့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ဖို့အတွက်တော့ အဆင်သင့်ဖြစ်ဖို့ လိုတယ်။

(၃) Over the moon

Over (ကျော်လွှားတာ)၊ the moon (လမင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို ကျော်လွှားတာ ဖြစ်ပါတယ်။ ဒီအသုံးက ပျော်ရွှင်တဲ့စိတ်အတိုင်းအတာ လွန်ကဲမှုကို တင်စားပြောထားတာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က လူတဦးရဲ့စိတ်ဟာ သိပ်ကိုပေါ့ပါးပြီး မိုးပေါ်မှာရှိတဲ့ လမင်းကြီးကိုတောင်ခုန်ပျံကျော်လွှားမတတ်ခံစားရတာ၊ ဝမ်းသာလွန်းလို့သိပ်ကိုစိတ်ပေါ့ပါးတာ၊ ရွှင်ပျတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့မြေကြီးနဲ့ခြေထောက်မထိသလိုခံစားရတဲ့စိတ်ကြည်နူးမှုမျိုးကိုဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is over the moon these days. He got a well-paying job and will soon be getting married to the girl he loves.

John က အခုတလော သိပ်ကို ပျော်မဆုံး ဖြစ်နေတယ်။ လခကောင်းတဲ့ အလုပ်လည်း ရထားသလို၊ သူချစ်တဲ့ မိန်းကလေးနဲ့လဲ မကြာမီ လက်ထပ်တော့မှာ ဖြစ်တယ်။

(၄) Moonlight

Moon (လမင်း)၊ light (အလင်းရောင်) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လအလင်းရောင်ဖြစ်ပါတယ်။ ဒီအသုံး ကို Verb ကြိယာ အပြင် Noun နာမ် အနေနဲ့လဲအသုံးပြုလို့ရပါတယ်။ အီဒီယံအဓိပ္ပါယ်က လူတဦးအနေနဲ့ အချိန်ပြည့် အလုပ်တခုကိုလုပ်နေတဲ့ကြားက ဝင်ငွေပိုရှာချင်လို့နောက်အလုပ်တခုကို အားတဲ့အချိန်မှာ လုပ်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နေ့အချိန်မှာ ပုံမှန်အလုပ်လုပ်တဲ့အပြင်၊ ညအချိန်မှာလည်း ခိုးလုပ်တဲ့သဘောမျိုးကို Moonlight ဒါမှမဟုတ် Moonlighting လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ သာမာန်လူတဦး အတွက်တနေ့ အလုပ်ချိန် (၈) နာရီ၊ တပတ် (၅) ရက်လို့ သတ်မှတ်ထားပေမဲ့၊ အဲဒီသတ်မှတ်ချိန်အပြင်ဘက်မှာ တခြားအလုပ်တခုကို ဝင်ငွေပိုရအောင်တိတ်တဆိတ်လုပ်တာမျိုးဖြစ်ပါတယ်။ လူမသိအောင်ခိုးလုပ်တာမျိုးဖြစ်တဲ့အတွက်၊ ည အချိန်မှာထွက်တဲ့ လမင်းအောက်မှာလုပ်တယ်ဆိုပြီး Moonlight လို့တင်စားသုံးထားတာဖြစ်ပါတယ်။ အမေရိကန်အစိုးရဝန်ထမ်းတွေအနေနဲ့ တရားဝင်ခန့်ထားတဲ့အလုပ်မှာတင်မဟုတ်ဘဲ၊ ခွင့်ပြုချက်မရှိဘဲငွေပိုရဖို့၊ နောက်အလုပ်တခုကိုခိုးလုပ်ရင်အရေးယူခံရမှာဖြစ်ပါတယ်။ တနည်းတော့ moonlight လုပ်ခွင့်မရှိကြပါဘူး၊ ပုဂ္ဂလိက ကဏ္ဍတွေမှာတော့ကိုယ့်ဆုံးဖြတ်ချက် နဲ့ကိုယ် ဖြစ်ပြီး၊ အများအားဖြင့် အလုပ်ဝန်ထုပ်ကိုနိုင်တယ်ဆိုရငိလုပ်ခွင့်ရှိကြပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

He is a doctor at our hospital, but he moonlights at another hospital during his off days.

သူက ကျနော်တို့ ဆေးရုံမှာ ဆရာဝန်ပါ။ ဒါပေမဲ့ သူက အားလပ်တဲ့ရက်တွေမှာတော့ နောက်ဆေးရုံတရုံမှ အလုပ် ခိုးလုပ်နေတယ်။

ဒီတပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Once in a blue moon, Reach for the moon, Over the moon နဲ့ Moonlight တို့ ဖြစ်ပါတယ်။

XS
SM
MD
LG