သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election အီဒီယံအသုံးအနှုန်းများ (၆)


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ရွေးကောက်ပွဲမှာ သူမသာကိုယ်မသာ ဖြစ်နေတဲ့အခြေအနေမှာရည်ညွှန်းအသုံးပြုတဲ့ Dead heat, Neck and neck နဲ့ Too close to call အီဒီယံအသုံးအနှုန်းတွေကိုတင်ပြပေးထားပါတယ်။

(၁) Dead heat

Dead ဟာ သာမန်အဓိပ္ပါယ်ဖြစ်တဲ့ သေဆုံးတယ် ဆိုတဲ့ အဓိပ္ပါယ်အစား ဒီနေရာမှာ ထပ်တူထပ်မျှဖြစ်တာ၊ တထေရာတည်းဖြစ်တာကို ဆိုလိုပါတယ်။ Heat (အပူ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ထပ်တူထပ်မျှ အပူ၊ အပူဟာ တထေရာတည်း ဖြစ်ပါတယ်။ ဒီအသုံးက (၁၈) ရာစု မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။ ပန်းဝင်လာတဲ့ မြင်းနှစ်ကောင်ဟာ သိပ်ကိုကပ်နေတဲ့အတွက်ကြောင့် တထပ်ထဲဖြစ်နေသလိုမြင်နေရပြီး ၊ ဘယ်မြင်းက နိုင်မယ်ဆိုတာကို ပြောနိုင်ဖို့ခက်တဲ့ အခြေအနေမျိုးု ကိုဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံအသုံးကလည်း သိပ်မကွာလှပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲနဲ့ တခြားယှဉ်ပြိုင်မှုတွေမှာ သုံးတဲ့အခါမှာ နိုင်ခြေကအတူတူ ဖြစ်နေတာ၊ ဘယ်သူက အနိုင်ရမယ်ဆိုတာကို ပြောနိုင်ဖို့ ခက်နေတဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့် အမှတ်ဆိုလည်း ထပ်တူထပ်မျှနီးပါး၊ မဲဆိုလည်း ထပ်တူထပ်မျှနီးပါး တူနေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ Dead heat အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Presidential polls show a dead heat between the two candidates. So both sides are trying very hard to get the support of the voters!

သမ္မတရွေးကောက်ပွဲ အတွက်သဘောထား ကောက်ခံချက်တွေအရတော့ ဘယ်သူနိုင်မယ်ဆိုတာကို ပြောရဖို့ ခက်နေတယ်။ ဒါကြောင့်လည်း နှစ်ဖက်စလုံးက မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရ ကြဖို့အစွမ်းကုန် ကြိုးပမ်းနေကြတယ်။

(၂) Neck and neck

Neck (လည်ပင်း) and (နှင့်) neck (လည်ပင်း) တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လည်ပင်း နှင့် လည်ပင်း ဖြစ်ပါတယ်။ ဒီအသုံးကလည်း မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။ မြင်းပြိုင်ပွဲတွေကို ကြည့်ဖူးကြမယ်ဆိုရင် မြင်းတွေဟာ တကောင်နဲ့တကောင် အပြိုင်အဆိုင် ပြေးရာမှာ သိပ်ပြီကပ်နေလို့ရှိရင် လည်ပင်းချင်း ထပ်နေတဲ့ပုံကို မြင်ကြရမှာပါ။ ဒါကြောင့်လည်း Neck and neck ဆိုတာကတော့ သူမသာကိုယ်မသာ အခြေအနေမျိုး၊ အနိုင်ရဖို့က သိပ်ကပ်နေတဲ့ အခြေအနေမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Neck and neck အသုံးအနှုန်းရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The two candidates are neck and neck in the election campaign . So it’s too early to say who will win at this point.

ကိုယ်စားလှယ်လောင်း နှစ်ဦးတို့က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာ၊ သူမသာ၊ ကိုယ်မသာ ဖြစ်နေကြတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ဘယ်သူအနိုင်ရမယ်ဆိုတာကိုပြောနိုင်ဖို့ စောလွန်းနေသေးတယ်။

(၃) Too close to call

Too (လွန်ကဲမှုကို ပြသတာ)၊ close (နီးကပ်တာ)၊ to call (ခေါ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခေါ်ဖို့ရာ သိပ်နီးကပ်နေတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာအားကစားပွဲက ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ရွေးကောက်ပွဲ ဒါမှမဟုတ် ယှဉ်ပြိုင်ပွဲတခုမှာ ယှဉ်ပြိုင်သူနှစ်ဦးကြား ဒါမှမဟုတ် အသင်းနှစ်သင်းကြား ဘယ်သူကနိုင်မယ်၊ ဘယ်အသင်းက နိုင်မယ်ဆိုတာ အသေအချာ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုး၊ မလွယ်တဲ့ အခြေအနေမျိုးမှာ ဒီအီဒီယံကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲတွေမှာ တဘက်နဲ့တဘက် အနိုင်ရတဲ့မဲအရေအတွက်က သိပ်ကပ်နေရင်၊ ပြတ်ပြတ်သားသား သိနိုင်အောင် Runoff ဆိုတဲ့ အနိုင်အရှုံးနောက်ဆုံး အဆုံးအဖြတ်ပေးမယ့်ရွေးကောက်ပွဲကိုထပ်ကျင်းပပေးရတဲ့အနေအထားမျိုးရောက်တာမျိုးလည်းကြုံရတတ်ပါတယ်။ Too close to call အသုံးအနှုန်းရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The football game was too close to call as both teams kept scoring goals. Only at the last minute the home team won with two straight goals.

ဘောလုံးပွဲမှာနှစ်ဖက်အသင်းစလုံး၊ ဂိုးတွေ ကန်သွင်းနေလေတော့ ဘယ်အသင်းနိုင်မယ်ဆိုတာ ပြောရခက်နေတယ်။ နောက်ဆုံးအချိန်ကပ်မှ၊ အိမ်ရှင်အသင်းက နှစ်ဂိုး ဆက်တိုက်သွင်းပြီး အနိုင်ရသွားတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Election နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Dead heat, Neck and neck နဲ့ Too close to call တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG