သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ - Lame Duck


Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် English-American Style Idioms ကဏ္ဍမှာ နိုဝင်ဘာ ဂ ရက် အမေရိကန်ရွေးကောက်ပွဲတွေမှာ သမတရာထူးအတွက်သာမက လွှတ်တော် နဲ့ပြည် နယ်တွေမှာရာထူးသက်တမ်းစေ့ကြတဲ့ပု၈္ဂိုုလ်တွေလဲ ဝင်ရောက်ရွေးချယ်ခံကြရမှာဖြစ်တဲ့အတိုင်း ပြန်ရွေးကောက်တင်မြှောက်ခြင်းမခံရသူတွေရဲ့အခြေအနေကိုရည်ညွှန်းတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Lame duck, Golden parachute နဲ့ Land on your feet တို့ကိုတင်ပြထားပါတယ်။

(၁) Lame duck

Lame (နာနေတာ)၊ duck (ဘဲ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နာနေတဲ့ဘဲ ဖြစ်ပါတယ်။ ခြေထောက်ကျိုးလို့ဖြစ်စေ၊ အတောင်ကျိုးလို့ဖြစ်စေပေါ့။ အီဒီယံအသုံးကတော့ နိုင်ငံရေးလောကမှာ ရာထူးလက်ကိုင်ရှိသူတဦး ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ်လှုပ်ရှားခဲ့ပေမယ့် ပြန်လည်ရွေးကောက်မခံရဘဲ အရှုံးနဲ့ရင်ဆိုင်ရတဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်ုးတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်အဓိပ္ပါယ်တမျိုးလည်း ရှိပါသေးတယ်။ အမေရိကန်သမ္မတတဦးအနေနဲ့ သမ္မတသက်တမ်း နှစ်ဆက်အပြီး ဥပဒေကန့်သတ်ချက်အရ တတိယသက်တမ်းမှာ ပြန်ဝင်ရွေးချယ်မခံနိုင်ပါဘူး၊ ဒါ့ကြောင့်လက်ရှိသမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့သမ္မတသက်တမ်း နှစ်ဆက်အပြီး ဒီနှစ်ကုန်အထိ သူဟာ သူ့သက်တမ်းကုန်ဖို့ စောင့်နေရတာ ဖြစ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ သမ္မတလောင်းနှစ်ဦးတို့ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက Hillary Clinton နဲ့ ရီပတ်ဘလင်ကန်ပါတီ က Donald Trump တို့ကြား ဘယ်သူရွေးကောက်ခံရမယ် ဆိုတာကို နိုဝင်ဘာလ (၈) ရက်ကြမှ အဖြေထွက်မှာပါ။ ဒီအတောအတွင်းမှာတော့ သမ္မတအိုဘားမားအနေနဲ့ Lame duck President အဖြစ်နဲ့ နောက်နှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့အထိ ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။
Lame duck ဆိုတဲ့ အီဒီယံအသုံးအနှုန်းကို လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန် စသဖြင့်နိုင်ငံရေးလောကမှာ ရာထူးအမျိုးမျိုးမှာ ရည်ညွှန်းသုံးနိုင်ပါတယ်။ တနည်းဆို ရာထူးသက်တမ်း ကုန်ဖို့ အချိန်ပိုင်း၊ လပိုင်းသာလိုတော့တဲ့ပုဂ္ဂိုလ်မျိုးပါ။
တကယ်တော့ ဒီ Lame duck ဆိုတဲ့ အသုံးဟာ စီးပွားရေးလောက က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ London Stock ဈေးကွက်မှာ စတော့ရှုံးလို့ အကြွေးပြန်မဆပ်နိုင်တဲ့ ရင်းနှီးမြှုပ်နံှရှင်တွေကို ရည်ညွန်းပြောရာကနေ နိုင်ငံရေးလောကထဲ ရောက်လာတာ ဖြစ်ပါတယ်။ တကယ်ဆို လက်ရှိရာထူးမှာ ဆက်လက်ထမ်းဆောင်ဖို့ ရက်အကန့်အသတ်တာ ကျန်တော့တဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ သာမာန်အားဖြင့် ဟန်သာရှိပြီး ။ အဆန်မရှိတဲ့အမြှောက်လို၊ ပြောနိုင်ဆိုနိုင်အား သိပ်မရှိတော့တဲ့အနေအထားမျိုးကိုဆိုလိုပါတယ်။ အတောင်ကျိုးလို့ မပျံနိုင်တော့တဲ့ ငှက်လို၊ ခြေနာလို့ ခရီးကို ထော့ကျိုးထော့ကျိုးနဲ့ ဆက်လျှောက်နေရတဲ့ ခြေကျိုးတဲ့ဘဲ လိုဖြစ်ပါတယ်။ တနည်းဆိုရင် မီးစာကုန် ဆီခမ်းတဲ့ အခြေဆိုက်တာ၊ ပွဲပြီးလို့ ဖျာလိပ်ရတဲ့သဘောမျိုးလဲဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our Governor ended up as a lame duck as he failed to get re-elected.
ကျနော်တို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီရွေးကောက်ပွဲမှာ ရှုံးနှိမ့်သွားတဲ့အတွက် အတောင်ကျိုးတဲ့ငှက်ဘဝရောက်နေရှာပြီ။

Lame duck လို ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို ရှေ့ဆက်ကြသလဲလို့ မေးစရာ ရှိပါတယ်။ အများအားဖြင့်တော့ သူတို့ အခုရာထူးမှာ ပြန်ရွေးချယ် မခံရပေမယ့် အကျသက်သာအောင် လုပ်ပေးလေ့ရှိတာကို Golden Parachute အီဒီယံအသုံးနဲ့ ရည်ညွှန်းသုံးလို့ ရပါတယ်။

(၂) Golden parachute

Golden (ရွှေ)၊ parachute (လေထီး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရွှေလေထီး ဖြစ်ပါတယ်။ Idiom သွယ်ဝိုက် တိုက်ရိုက်အဓိပ္ပါယ်က အိန္ဒြေမပျက် အကျကောင်းအောင်၊ အကျလှအောင်ပန့်ပိုးပေးတာမျိုးဖြစ်ပါတယ်။ ရာထူးကြီးတွေမှာ ပြန်လည်ခန့်အပ်ခြင်း မခံရတဲ့ ပုဂ္ဂိုလ်အတွက် သက်တမ်းစေ့ပြီးနောက်ပိုင်း ငွေရေးကြေးရေး အခြေအနေ အခက်အခဲ မရှိရလေအောင် ကြည့်ရှုစောင်မပေးတဲ့ သဘောလဲဖြစ်ပါတယ်။ တခါတရံလဲ ဒီလိုမျိုးအခြေအနေရောက်တဲ့တချို့ပုဂ္ဂိုလ်ဟာ စီးပွားရေးလုပ်ငန်း၊ အုပ်ချုပ်ရေးလုပ်ငန်းစသဖြင့်တို့မှာအမှုဆောင်အရာရှိတွေ၊ အကြံပေးတွေအဖြစ် ပြန်ပြီးထမ်းဆောင်ခွင့် ရကြတာတွေလဲရှိပါတယ်။ တနည်းဆိုရရင်တော့ ရွှေလေထီးဆိုတာက အကျကောင်းအောင်၊ အကျသက်သာအောင် ပံ့ပိုးပေးတဲ့သဘောဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Congressman Smith lost in his re-election bid. Luckily, he got a golden parachute.He was offered a vice president post at a big company New York.

အောက်လွှတ်တော်အမတ် Smith ဟာ ရွေးကောက်ပွဲမှာ ပြန်ရွေးကောက်မခံခဲ့ရဘူး။ ဒါပေမဲ့ သူကတော့ အကျကောင်းတယ်ဗျာ။ New York က ကုမ္မဏီ ကြီးတခုမှာဒုတိယဥက္ကဋ္ဌရာထူးကမ်းလှမ်းခြင်းခံရတယ်။

(၃) Land on your feet

Land on (တခုခုပေါ်ကိုကျတာ)၊ your feet (သင့်ရဲ့ခြေထောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ကျတာ ဖြစ်ပါတယ်။ သစ်ပင်ပေါ်က ကြောင်တကောင် အောက်ကို ခုန်ချတဲ့အခါ၊ ခြေလေးဖက်စုံနဲ့ ကျကျနဘေးမသီရန်မခမြေပြင်ကို ပြန်ကျတာမျိုးလိုဖြစ်ပါတယ်။ ဒီအတိုင်းပါပဲ နေ့စဉ်ဘဝမှာ ရာထူးသက်တမ်း ကုန်ဆုံးတော့မယ့် ပုဂ္ဂိုလ်ကြီးတွေ၊ ပြန်လည်အရွေးမခံရတဲ့ ပုဂ္ဂိုလ်ကြီးတွေဆိုရင် သူတို့ အလုပ်အကိုင်က အိုစာနာစာအတွက် ဖူဖူလုံလုံ ပေးလိုက်လို့ ကျတာတောင်မှ ရွှေလေထီးနဲ့ ချောချောချူချူ ကျတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီရာထူးမှာ ဆက်ခန့်အပ်ခြင်း မခံရတောင်မှ နောက်ထပ်ရာထူးကောင်ခန့်အပ်ခံရလို့။ အငြိမ်းစားး အထူးခံစားခွင့်တွေရလို့ ဘဝရှေ့ရေး မှာ ဖူဖူလုံလုံဖြစ်တဲ့သဘောမျိုးပါ။ အီဒီယံအဓိပ္ပါယ်ကတော့ အကျကောင်းတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Governor Brown lost his re-election bid. But he’s lucky as he landed on his feet and was appointed as an ambassador.
ပြည်နယ်အုပ်ချုပ်ရေးမှူး Brown ဟာ ပြန်ရွေးချယ် မခံခဲ့ရဘူး။ ဒါပေမဲ့ သူက အကျကောင်းတယ်ဗျာ။ သူဟာ ကံကောင်းတယ်။ သံအမတ်ကြီးရာထူး ခန့်အပ်ခြင်း ခံရတယ်ဗျာ။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Lame duck, Golden parachute နဲ့ Land on your feet တို့ဖြစ်ပါတယ်။

XS
SM
MD
LG