သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama မိန့်ခွန်းပါ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style: Idioms ကဏ္ဍမှာ ဇွန်လ (၉) ရက်နေ့က သမ္မတအိုဘားမား က ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာနေတဲ့ Hillary Clinton ကို ထောက်ခံကြောင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သုံးနှုန်းခဲ့တဲ့ အီဒီယံတချို့ဖြစ်တဲ့ Give a fair shot, Fired up နဲ့ To make your voices heard တို့ကို တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


(၁) Give a fair shot

Give (ပေးတာ)၊ a (တခု)၊ fair (မျှတတာ) shot က (ပစ်တာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျှတတဲ့ ပစ်ခွင့်ကို ရစေတာ ဖြစ်ပါတယ်။ Shot ဆိုတဲ့ ပစ်တာ လို့အဓိပ္ပါယ်ရတဲ့ ဝေါဟာရဟာ နေ့စဉ်ဘဝမှာတော့ အခွင့်အလမ်း ၊ လုပ်ပိုင်ခွင့်ကို ရည်ညွှန်းပြောထားတာ ဖြစ်တဲ့အတွက်ကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတိုင်းမှာရသင့်ရထိုက်တဲ့အခွင့်အရေးတွေရှိတာမို့ ၊ ဘဝမှာတခုခုကို စမ်းလုပ်ကြည့်ချင်တယ်၊ ကြိုးစားကြည့်ချင်တယ်ဆိုရင် အဲဒီဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့်အားလုံးကိုမျှတတဲ့အခွင့်အလမ်းပေးတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား သူ့မိန့်ခွန်းမှာ ပြောခဲ့တာကတော့ …

I've seen her determination to give every American a fair shot and opportunity, no matter how tough the fight was.

“အမေရိကန်နိုင်ငံသားတိုင်းသူတို့ဖြစ်ချင်တာကိုကြိုးစားနိုင်ခွင့်ရစေမဲ့ မျှတတဲ့အခွင့်အလမ်းဖန်တီးပေးနိုင်ဖို့၊ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရုန်းကန်ရပါစေ သံဓိဌာန် ခိုင်မာစွာနဲ့ ဟီလာရီ ကလင်တန်က ကြိုးပမ်းခဲ့တာကိုသူ တွေ့ခဲ့ရတယ်” လို့ သမ္မတအိုဘားမားကပြောခဲ့တာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

All the students in the class were given a fair shot by the teacher to enter the essay contest.

စာသင်ခန်းထဲမှာရှိတဲ့ ကျောင်းသားအားလုံးကိုစာစီစာကုံးပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ဖို့အခွင့်အလမ်းကို ဆရာက မျှမျှတတ ပေးခဲ့တယ်။

(၂) Fired up

Fired က fire (မီး) ဝေါဟာရက ဆင်းသက်လာပြီး အပေါ် up ဝိဘတ်နဲ့တွဲကာ Fired up လို့ သုံးထားတာ ဖြစ်ပါတယ်။ စကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မီးအရှိန် မြှင့်တက်နေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးရဲ့ ပြင်းပြတဲ့ ခံစားချက်ကို ဖော်ပြတာဖြစ်ပြီး၊ စိတ်ဓါတ်အားဖြင့် တက်ကြွနေတာ၊ စိတ်အားသိပ်ကို ထက်သန်နေတာ၊ စိတ်ဆန္ဒ သိပ်ပြင်းပြနေတာ၊ လုပ်ချင်ကိုင်ချင်စိတ် ဇောကြီးနေတာ၊ မြန်မာဘန်းစကားမှာတော့ မောင်းတင်ထားပြီဟေ့လို့ ပြောတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာကတော့…

I’m with her ! I am fired up !

“ကျနော်သူ့ကို ထောက်ခံတယ်။ သူ့အတွက်ကူညီဆောင်ရွက်ပေးဖို့ ကျနော့်အားမာန်အပြည့်ဘဲ” လို့ သမ္မတအိုဘားမား က ပြောသွားတာပါ။

ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our home football team players were all fired up to win against the visiting team.

ကျနော်တို့မြို့ခံ ဘောလုံးအသင်းရဲ့ကစားသမားအားလုံးက၊ တခြားကလာကစားတဲ့အသင်းကို အနိုင်ရအောင် ကစားဖို့ သိပ်ကို အားမာန်တက်ကြွနေကြတယ်။

(၃) To make your voices heard

To make (ပြုလုပ်ဖို့)၊ your (သင့်ရဲ့) voice (အသံတွေ)၊ heard (ကြားတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်ရဲ့အသံတွေ ကြားစေဖို့ ပြုလုပ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကိုယ့်အသံကို ကြားစေလိုတယ်ဆိုရင် ကိုယ့်ခံစားချက်၊ ကိုယ့်ဆန္ဒကို အများသိအောင် ထုတ်ဖော်အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား သူ့မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာကတော့ …

For more than a year now, across thousands of miles and all 50 states, tens of millions of Americans have made their voices heard.

“အခုဆိုရင် (၁) နှစ် ကျော်ခဲ့ပါပြီ။ မိုင်ပေါင်း သောင်းနဲ့ချီရှိတဲ့ ပြည်နယ် (၅၀) တခွင်မှာ လူသောင်းနဲ့သိန်းနဲ့ချီပြီး သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြပြီးဖြစ်တယ်“ လို့ သမ္မတအိုဘားမားကပြောခဲ့တာပါ။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The people in Myanmar have made their voices heard in the 2015 elections.
မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်အသိပေးခဲ့ကြပြီး ဖြစ်ပါ တယ်။

ဒီကနေ့တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Give a fair shot, Fired up နဲ့ To make your voices heard တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG