သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Right စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ (မှန်တယ်) လို့ အဓိပ္ပါယ်ရတဲ့ Right ဝေါဟာရ ကို အခြေခံတဲ့ Right on, Right of way နဲ့ Serve someone right အီဒီယံအသုံးအနှုန်းတွေကိုတင်ပြထားပါတယ်။

(၁) Right on

Right (မှန်တာ)၊ on (အပေါ်မှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အမှန်ပေါ်မှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးက စစ်တပ်မှာ Right on the target ပစ်မှတ်ကို တည့်တည့်ကြီးထိတာ၊ အနုပညာဖျော်ဖြေပွဲမှာ ဒါရိုက်တာက Cue အချက်ပြရင် အတိမ်အစောင်း အမှားအယွင်းမရှိဘဲ အနုပညာသမားက လိုက်လုပ်နိုင်တဲ့ဓလေ့ကနေ ဆင်းသက်လာပြီး၊ Right on the target ကို အတိုအားဖြင့် Right on လို့ ပြောကြတာလို့ ဆိုပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ လုပ်လိုက်ပြောလိုက်တာဟာ ထိထိမိမိ ရှိတာကို ဆိုလိုပါတယ်။ မြန်မာမှာတော့ ဒက်ထိပဲလို့ ပြောတာနဲ့ တူတယ်လို့ ဆိုပါတယ်။ ဘန်းစကားအရတော့ ပြောတဲ့အတိုင်းဖြစ်တာ၊ တနည်း မှန်လိုက်လေခြင်း ၊ ဟုတ်လိုက်လေခြင်းလို့ပြောတာနှင့်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John’s prediction about the company’s future is right on!
John က အဲဒီ ကုမ္ပဏီရဲ့ အနာဂတ်နှင့်ပတ်သက်လို့ဟောကိန်း ထုတ်လိုက်တာမှန်လိုက်လေကွာ။

(၂) Right of way

Right က ဒီနေရာမှာ အခွင့်အရေးကို ဆိုလိုပြီး၊ of (ရဲ့) ၊ way (လမ်း) ဆိုတော့ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က လမ်းကြောင်းအရ အခွင့်အရေးရတာ ဖြစ်ပါတယ်။ ဒီအသုံးက ကုန်းလမ်း ရေလမ်းစတဲ့ ခရီးသွားလာမှုနဲ့ ပတ်သက်တဲ့ယာဉ် စည်းကမ်းတွေကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဥပမာ လမ်းမှာ ကားမောင်းတဲ့အခါ ကွေ့တဲ့ကားက တည့်တည့်သွားနေတဲ့ကားကို ဦးစားပေး ရမှာဖြစ်ပြီး ဆက်မသွားဘဲခေတ္တရပ်စောင့်ရမယ်ဆိုတဲ့ယာဉ်စည်းမျဉ်းရှိပါတယ်။ အဲဒီတည့်တည့်သွားတဲ့ကား ကျော်သွားတော့မှ ရပ်စောင့်ရတဲံံ့ကားက လမ်းရှင်းပြီဆိုရင် ချိုးချင်တဲ့လမ်းကိုချိုးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ တည့်တည့်သွားတဲ့ကားက Right of way ဦးစားပေးခံရမယ့် အခွင့်အရေး ရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ နောက် အဓိပ္ပါယ်တမျိုးကတော့ လူတဦးအနေနဲ့ ဥပဒေအရ ဖြတ်သန်းပိုင်ခွင့်ရှိတာကို ဆိုလိုပါတယ်။ အဲဒီဖြတ်သန်းပိုင်ခွင့်ကို Right of way လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်က စည်းမျဉ်းအရ ဦးစားပေးရတာ ဒါမှမဟုတ် ဖြတ်သန်းပိုင်ခွင့်ရှိတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary had a car incident last night, but she had the right of way so it wasn’t her fault.
Mary ညက ကားတိုက်မှု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ယာဉ်စည်းမျဉ်းအရ သူဘက်က အမှန်ဖြစ်နေတော့ ကားတိုက်တာ သူ့အပြစ်မဟုတ်ဘူးပေါ့။

(၃) Serve someone right

Serve (ဖြစ်မြောက်စေတာ)၊ someone (တဦးတယောက်)၊ right (ကောင်းတာ ၊ မှန်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က လူတဦးအနေနဲ့ သူနဲ့ ထိုက်သင့်တာကိုခံရတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလဲ သိပ်မကွာလှပါဘူး။ လူတဦးက အပြစ်တခုခုလုပ်လို့ သူထိုက်နဲ့သူ ပြန်ခံရတာ၊ သူများအပေါ်မကောင်းကြံမိတဲ့အတွက်ကိုယ်ပြန်ခံရတာမျိုး ၊ မဟုတ်တာလုပ်လို့ ပြန်ထိမျိုးဖြစ်ပါတယ်။ မြန်မာမှာတော့ ဝဋ်ပြန်လည်တယ် ၊ ကိုယ့်အတတ်ကိုယ်ပြန်စူးတယ် ၊ မည်သူမပြုမိမိမှု အစရှိတဲ့အသုံးတွေနှင့်ဆင် တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Serves you right John for spending all your money. Now , you’re counting your pennies !
John ရှိသမျှ ပိုက်ဆံအကုန်လုံး သုံးပစ်တော့ ကိုယ့်ထိုက်နှင့်ကိုယ့်ကံံံပေါ့။ အခုတော့တပြားနှစ်ပြား ခွါသုံးနေရပြီ မဟုတ်လား။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Right စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Right on, Right of way နဲ့ Serve someone right တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG