သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Turkey စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း


တိုက်ရိုက် လင့်ခ်


အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလဟာ Thanksgiving ကျေးဇူးတော်နေ့ နဲ့Christmas ပွဲတော်ကာလ ဖြစ်တဲ့အတိုင်း ညစာစားပွဲတွေမှာ မပါရင်မပြီးတဲ့ ကြက်ဆင် လို့ အဓိပ္ပါယ်ရတဲ့ Turkey ကို အခြေခံတဲ့ To go cold turkey, To talk turkey နဲ့ Like turkeys voting for early Christmas အီဒီယံအသုံးတွေကို ဒီတပတ် English American Style : Idioms ကဏ္ဍမှာ တင်ပြထားပါတယ်။

(၁) To go cold turkey

To go (သွားတာ ဒါမှမဟုတ် တခုခုကို စတင်ပြုလုပ်တာ)၊ cold (အေးစက်တာ)၊ turkey (ကြက်ဆင်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အေးစက်တဲ့ ကြက်ဆင်ဖြစ်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတဲ့နောက်ခံအကြောင်းမျိုးမျိုး ရှိပေမဲ့၊ တစ်ကောင်လုံး အမွှေးနှုှုတ်ထားလို့အေးစက်နေတဲ့ ကြက်ဆင်တကောင်ရဲ့ အရေခွံဟာ ကြက်သီးမွေးညင်းထနေတဲ့ ပုံသဏ္ဍာန်မျိုးကို ရည်ညွှန်းတာက ဖြစ်နိုင်ချေအရှိဆုံး ယူဆချက်လို့ဆိုပါတယ်။

လူတွေအနေနှင့် မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်စသဖြင့်ဖြတ်ရာမှာ တဖြည်းဖြည်းမဟုတ်ဘဲ၊ ရုတ်တရက် လုံးဝဖြတ်လိုက်တဲ့အခါ ၊ ကျမတို့ မြန်မာအခေါ် အစိမ်းဖြတ်ဖြတ်ရင် အဲဒီဖြတ်တဲ့လူတွေဟာ ကတုန်ကရင်ဖြစ်တာ၊ ချမ်းတုန်လာတာ၊ ကြက်သီးမွေးညင်းထတာ စသဖြင့် ဖြစ်ကြတဲ့အတွက် အဲဒီလူရဲ့ ပုံပန်းသဏ္ဍာန်ဟာ ကြက်ဆင်တစ်ကောင်လုံးရဲ့ အရေခွံမှာ ကြက်သီးမွေးညင်းထတာနဲ့ တူတာကို နှိုင်းယှဉ်ပြောတာဖြစ်ပါတယ်။ ဒါကြောင့် To go cold turkey အသုံးရဲ့ အီဒီယံအဓိပ္ပါယ်က စွဲနေတဲ့အကျင့်ကို ရုတ်တရက်အပြတ်ဖြတ်တာကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After smoking for over twenty years, John decided to go cold turkey.

နှစ် (၂၀) ကျော်ဆေးလိပ်စွဲသောက်လာပြီးတဲ့နောက်၊ John ကဆေးလိပ်ကိုလုံးဝဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

(၂) To talk turkey

To talk (စကားပြောတာ)၊ turkey (ကြက်ဆင်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြက်ဆင်စကားပြောတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာနောက်ခံအမျိုးမျိုးရှိပါတယ်။ တခုကတော့ Thanksgiving ကျေးဇူးတော်နေ့ အခါသာမယမှာ မိတ်ဆွေတွေ၊ မိသားစုတွေ ဆုံဆည်းခါ ကြက်ဆင်သားချက်ပြီး ညနေစာ စားသုံးကြရာမှာ၊ တဦးနဲ့တဦး ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတဲ့ဓလေ့ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ နောက်တမျိုးကတော့၊ ရှေး အမေရိကန် ကိုလိုနီခေတ်တုန်းက ပြောင်းရွှေ့အခြေချလာသူတစ်ဦးနဲ့ တိုင်းရင်းအမေရိကန် အင်ဒီယန်းတစ်ဦးတို့ နှစ်ဦးပေါင်းပြီး တောလိုက်ရာကနေ ပစ်လို့ရတဲ့ ကြက်ဆင်တွေ၊ ငှက်တွေကို သူတစ်ကောင် ၊ ငါတစ်ကောင် မျှမျှတတ အချိုးကျခွဲယူရာကနေ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် To talk turkey ရဲ့ အီဒီယံအဓိပ္ပါယ် ပြဿနာ အဖြေရှာနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း နှစ်ဖက်ပြောဆိုဆွေးနွေးတာ၊ ကျေနပ်မှုရရှိအောင်၊ အလုပ်ဖြစ်အောင် လေးလေးနက်နက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီအသုံးနှင့် ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The participants at the peace talks need to talk turkey about ceasefire issues.

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ကြသူတွေအနေနဲ့ အပစ်ရပ်စဲရေးကိစ္စရပ်တွေမှာ ပြဿနာကို အဖြေရှာနိုင်ဖို့ ပွင့်ပွင့်လင်းလင်း အလုပ်ဖြစ်အောင် ဆွေးနွေးကြဖို့လိုအပ်တယ်။

(၃) Like turkeys voting for early Christmas

Like (တူတာ၊ဆင်တာ၊ကဲ့သို့)၊ turkeys (ကြက်ဆင်တွေ)၊ voting (မဲပေးတာ)၊ for (အတွက်)၊ early (စောတာ)၊ Christmas (ခရစ်စမတ်ပွဲတော်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကခရစ်စမတ်ပွဲတော် စောစောရောက်ပါစေလို့ ကြက်ဆင်တွေက မဲပေးထောက်ခံကြတာနဲ့ တူနေတယ်ဖြစ်ပါတယ်။ Thanksgiving ကျေးဇူးတော်နေ့ နဲ့ ခရစ်စမတ်ပွဲတော်တွေကို မိသားစုတွေ မိတ်ဆွေတွေ ဆင်နွှဲရာမှာ အမေရိကန်ထုံးတမ်းဓလေ့အရ ကြက်ဆင်တွေချက်ပြီးညစာစားသုံးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်စမတ်လိုပွဲတော်အခါသာမယ စောစောရောက်ပါစေလို့ ကြက်ဆင်တွေက ဆုတောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကကြက်ဆင်တွေအနေနဲ့ ဟင်းအိုးထဲကို ရောက်မယ့်အနေအထားကို သူတို့ကိုယ်တိုင်က မြန်မြန်ရောက်ပါစေလို့ ဆုတောင်းတာနဲ့ တူတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က ကိုယ့်အတွက် ဒုက္ခရောက်စေမယ့်၊ ပြဿနာတက်စေမယ့် အခြေအနေမျိုးကို ကိုယ်ကလက်ခံတာ ဖြစ်ပါတယ်။ ကိုယ့်ဘဝမြန်မြန် နိဂုံးချုပ်စေမယ့် အခြေအနေကို ကိုယ်တိုင်လုပ်ဆောင်နေတဲ့ အနေအထားမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ကိုယ့်ပြဿနာ ကိုယ်ရှာတာ၊ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းတာ၊ ကိုယ့်လည်းပင်း ကိုယ်ကြိုးကွင်းစွပ်တာ၊ ကိုယ့်သေတွင်း ကိုယ်တူးတာ စသဖြင့် မြန်မာဆိုရိုးတွေနဲ့ တူတယ်လို့လည်း ဆိုရမှာပါ။ တနည်းဆိုရင်တော့ ကိုယ့်အတွက် ပိုဆိုးစေမယ့် အခြေအနေကို ကိုယ်က သိသိကြီးနဲ့ လက်ခံတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It will be like turkeys voting for early Christmas if journalists support the censorship law.

သတင်းထောက်တွေအနေနဲ့ ဆင်ဆာဖြတ်တောက်မှု ဥပဒေကို ထောက်ခံကြမယ်ဆိုရင် ကိုယ့်လည်းပင်းကိုယ် ကြိုးကွင်းစွပ်တာနဲ့ တူနေလိမ့်မယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Turkey ကို အခြေခံတဲ့ idiom အသုံးတွေက To go cold turkey, To talk turkey နဲ့ Like turkeys voting for early Christmas တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG