သုံးရလွယ်ကူစေသည့် Link များ

Make my day စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Virginia McLaurin dances with President Barack Obama and Michelle Obama during a visit to the White House. She is 106 years old.
Virginia McLaurin dances with President Barack Obama and Michelle Obama during a visit to the White House. She is 106 years old.

ဒီတပတ် English American Style Idioms ကဏ္ဍမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက အိမ်ဖြူတော် (White House) မှာ လူမည်းသမိုင်းတင်လ အထိမ်းအမှတ်ပွဲမှာ သမ္မတ Barrack Obama နဲ့ ဇနီး Michelle Obama တို့က အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တဲ့ အသက် (၁၀၆) နှစ်အရွယ် လူမည်းအမျိုးသမီးကြီး Virginia McLaurin တွေ့ဆုံမှုမှာ အသုံးပြုခဲ့တဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ You made my day, Go ahead make my day နဲ့ There you go တို့ကို တင်ပြပေးထားပါတယ်။

ထိုစဉ်က သမ္မတကတော် Michelle Obama ကနေ သုံးနှုန်းခဲ့တဲ့ အီဒီယံအသုံးအနှုန်းက

(၁) You made my day

You (သင်)၊ made (ပြုလုပ်ခဲ့တာ)၊ my (ကျနော်၊ ကျမ)၊ day (နေ့) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်အနေနဲ့ ကျနော်၊ ကျမ နေ့အတွက် တခုခု ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ Michelle Obama အနေနဲ့ အသက် (၁၀၆) နှစ်အရွယ် Virginia McLaurin တွေ့လိုက်ရတဲ့အတွက်ကြောင့် အဲဒီနေ့အတွက်သူ့အနေနဲ့ သိပ်စိတ်ချမ်းသာသွားတယ် ဆိုတာကို You made my day ဆိုတဲ့ အသုံးနဲ့ တင်စားပြောထားတာ ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်က လူတဦးကနေတခုခုလုပ်ပေးလိုက်လို့အဲဒီနေ့အတွက်သိပ်ကိုပျော်သွားတာ၊ အတိုင်းမသိပီတိဖြစ်တာ ၊ ကျမတို့မြန်မာဘန်းစကားမှာ နေ့တွက်ကိုက်သွားတာ စသဖြင့် နှင့် အဓိပ္ပါယ်ဆင်တူတယ်လို့ဆိုရမှာပါ၊ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe, thanks for coming to visit me at the hospital. You made my day!
Joe ရေ ၊ ခင်ဗျား ဆေးရုံမှာ အခုလို ကျနော့်ကို လာကြည့်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့အတွက်တော့ကျနော် သိပ်စိတ်ချမ်းသာသွားပြီ ။

ဒီအသုံးနဲ့ ဆင်တူယိုးမှား ဖြစ်ပေမဲ့၊ အဓိပ္ပါယ်ကွဲတဲ့ နောက်ထပ်အသုံးတခုဖြစ်တဲ့ Go ahead make my day ဆိုတဲ့ အီဒီယံအသုံးကိုလည်း ကြုံကြိုက်တုန်း တင်ပြလိုပါတယ်။

(၂) Go ahead make my day

Go ahead (လုပ်ကြည့်လိုက်လေ)၊ make my day က ဒီနေရာမှာ ကျနော်၊ ကျမအတွက်နေ့ကို ပြုလုပ်ပေးပါဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဒီနေ့မှာ ကျနော်၊ ကျမအတွက် လုပ်ကြည့်လိုက်လေပေါ့။ ဒီအသုံးရဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာမှာ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ လုပ်ရဲရင် လုပ်ကြည့်လိုက်လေ၊ ငါကတော့ မင်းကို ပြန်လုပ်လိုက်ရင် မင်း ခံသွားရမယ်ဆိုတာကို ရည်ညွှန်းသုံးထားတာ ဖြစ်ပါတယ်။ ဒီအသုံးကို Sudden Impact အမေရိကန်ကောင်းဘွိုင် ရုပ်ရှင်မှာ နာမည်ကျော် ရုပ်ရှင်မင်းသား Clint Eastwood က သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ Clint Eastwood အနေနဲ့ လူဆိုးနဲ့ တွေ့ရာမှာ “မင်းက ငါကို စပစ်ရင် ငါက မင်းကို ပြန်ပစ်ထည့်လိုက်ရင်၊ မင်း ခံသွားရမယ်၊လာမစမ်းနှင့်၊ အကြောင်းပြလိုက်မယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ရည်ညွန်းသုံးလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Bill told the bully, “You want to fight? Go ahead make my day!”
ဗိုလ်ကျနေတဲ့ လူကို Bill က မင်းက ရန်ဖြစ်ချင်လား။ လုပ်ကြည့်လိုက်လေ။ မင်း ခံသွားရမယ်။

(၃) There you go

သမ္မတ Obama နဲ့ ဇနီးတို့ အိမ်ဖြူတော်မှာ Virginia McLaurin နဲ့ တွေ့ဆုံစဉ် Michelle Obama သုံးခဲ့တဲ့ နောက်ထပ် အီဒီယံ ကတော့ There you go ဖြစ်ပါတယ်။ ဒီနေရာမှာ အသက် (၁၀၆) နှစ် ရှိပြီဖြစ်တဲ့ Virginia McLaurin အနေနဲ့ သူမသေခင် အမေရိကန်ရဲ့ ပထမဦးဆုံး လူမည်းသမ္မတဖြစ်တဲ့ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ချင်တဲ့ဆန္ဒ ရှိခဲ့တဲ့အတိုင်း အခု တွေ့ခဲ့ရပြီမို့ သူဖြစ်ချင်တဲ့ဆန္ဒ ဖြစ်ပြီမဟုတ်လားလို့ သမ္မတကတော်က ထောက်ပြပြောဆိုရာမှာ ဒီ အီဒီယံကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

There (အဝေးကို ရည်ညွှန်းတာ)၊ you (သင်)၊ go (သွားတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အဝေးကို မင်းသွားပြီ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က အမျိုးမျိုးရှိပါတယ်။ ပထမတခုကတော့ ပြောတဲ့အတိုင်း ဖြစ်လာပြီ မဟုတ်လား။ ဖြစ်ချင်တဲ့အတိုင်း ဆန္ဒပြည့်ပြီ မဟုတ်လား ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

There you go, Mary. You have now become a manager.
Mary ရေ မင်း ဖြစ်ချင်တာ ဖြစ်လာပြီ မဟုတ်လား။ အခု မင်း မန်နေဂျာ ဖြစ်လာပြီလေ။

There you go နဲ့ ပတ်သက်တဲ့ နောက်ထပ် အဓိပ္ပါယ်တခုကတော့ အထူးသဖြင့် မကြိုက်တဲ့ အပြုအမှုကို ထပ်လုပ်တဲ့အခါမှာ ကျမတို့ မြန်မာမှာဆိုရင် လုပ်ပြန်ပြီလို့ ပြောတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

There you go ! Late again for our appointment !

မင်း လုပ်လိုက်ပြန်ပြီလေ။ ကိုယ်တို့ ချိန်းထားတဲ့အချိန် နောက်ကျပြန်ပြီ။

There you go အသုံးရဲ့ နောက်ထပ်အဓိပ္ပါယ်တမျိုးကတော့ တခုခုကိုလုပ်တာ မှန်တယ်ဆိုရင် ကျမတို့ မြန်မာမှာ ဟုတ်ပြီလို့ အားပေးစကား ပြောရာမှာလဲ သုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s dark, so be careful with the steps. There you go. You’re doing fine.

မှောင်နေတယ်။ ဒါကြောင့် လှေကားထစ်တွေကိုသတိထားပြီးဆင်းပါ၊ ဟုတ်ပြီ။ အဲဒီအတိုင်းဘဲဆင်းရင်ရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idiom အသုံးအနှုန်းတွေက You made my day, Go ahead make my day နဲ့ There you go တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG