သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)


National Security Adviser Michael Flynn speaks during the daily news briefing at the White House, in Washington, Feb. 1, 2017.
National Security Adviser Michael Flynn speaks during the daily news briefing at the White House, in Washington, Feb. 1, 2017.
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်အမေရိကန်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Put on notice, Nothing is off the table နဲ့ To get kick started တင်ပြပေးထားပါတယ်။

(၁) Put on notice

Put on (အပေါ်ကိုတင်တာ)၊ notice အဓိပ္ပါယ်အမျိုးမျိုးရှိပေမဲ့၊ ဒီနေရာမှာ နာမ် (noun) အဖြစ် အသုံးပြုထားပြိး သတိပေးချက်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် လုံးကောက်အဓိပ္ပါယ်ကတော့ သတိပေးချက်ကို အပေါ်တင်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က သိပ်မကွာလှပါဘူး။ တခုခုကြောင့် လူတဦးဦး ဒါမှမဟုတ် နိုင်ငံတနိုင်ငံကို တရားဝင်သတိပေးလိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို Iran က ဒုံးလက်နက် စမ်းသပ်လိုက်တာနဲ့ ပတ်သက်လို့ သမ္မတ Trump အစိုးရက အခုနောက်ဆုံး ဒဏ်ခတ်အရေးယူမှုတွေ မပြုလုပ်မီတရက်က ကြိုတင်သတိပေးတယ်ဆိုပြီး အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Michael Flynn က ဖေဖေါ်ဝါရီလ (၂) ရက်နေ့ ပြောခဲ့ရာမှာ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

As of today, we're officially putting Iran on notice.

ဒီကနေ့ကစပြီး Iran ကို ကျနော်တို့ တရားဝင် သတိပေးလိုက်ပြီ။

(၂) Nothing is off the table

Nothing (ဘာမှ)၊ is off (ဖယ်ပစ်တာ၊ မရှိအောင်လုပ်တာ)၊ the table (စားပွဲ) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စားပွဲပေါ်ကနေ ဘာကိုမှ မဖယ်ပစ်ဘူး၊ တနည်းစားပွဲပေါ်မှာအားလုံးတင်ထားမယ်လို့အဓိပ္ပါယ်ရပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကိုလုပ်ဖို့ စဉ်းစားမယ်ဆိုရင် အားလုံးကို ထည့်တွက်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ နိုင်ငံတနိုင်ငံကို အရေးယူမယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုစသဖြင့် အပါအဝင် သုံးနိုင်သမျှနည်းအားလုံးကို ထည့်သွင်းသုံးသွားဖို့ အဆင်သင့်ရှိတယ်၊ အခြေအနေအားလုံးအပေါ် သုံးသပ်ပြီး သက်ညှာမှုပေးမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ အီရန်ကို အခုလို Put on notice တရားဝင် သတိပေးလိုက်ပြီး တရက်အကြာမှာ သမ္မတ Trump က Republican လွှတ်တော်အမတ်တွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် အီရန်အပေါ် အရေးယူရာမှာ ဘက်ပေါင်းစုံကို ထည့်သွင်းစဉ်းစားရမယ်လို့ ပြောရာမှာ ဒီအသုံးကို သုံးခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

Nothing is off the table , I haven’t eased anything.

ဘက်ပေါင်းစုံကို ထည့်စဉ်းစားသွားမယ်။ ကျနော့်အနေနဲ့ ဘာကိုမှလျှော့ပေးထားတာမရှိပါဘူး။

(၃) To get kick started

To get (တခုခုကို ဖြစ်အောင်လုပ်တာ၊ ပြင်ဆင်တာ)၊ kick (ကန်တာ)၊ started (စတင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုကိုပြင်ဖို့ ကန်ပြီးစလိုက်တာ ဖြစ်ပါတယ်။ သွယ်ဝိုက်အဓိပ္ပါယ်က တခုခုကို အရှိန်အဟုန်နဲ့ စတင်နိုင်ဖို့ ကြိုးပမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက မော်တော်ဆိုင်ကယ်ကို စက်နှိုးရာမှာ မောင်းသူကခြေနင်းကိုခြေထောက်နဲ့တအားဖိချပြီး စက်ကိုနှိုးတဲ့ဖြစ်ရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က အထက်လွှတ်တော်အမတ်တွေနဲ့ ဖေဖေါ်ဝါရီလ (၂) ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံပြီး NAFTA မြောက်အမေရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ်အကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ သူက ဒီကုန်သွယ်ရေးသဘောတူညီမှုကို ညှိနှိုင်းနိုင်ဖို့အတွက် သူ့အဖွဲ့မှာ လူတော်တွေကြီးပဲဖြစ်တယ်။ ပြင်ဆင်ဖို့က ရက် (၉၀) ရတယ်။ ဒါပေမဲ့ ဒီဆွေးနွေးမှုကို အမြန်ဆုံး စချင်တယ်လို့ ပြောရာမှာ သုံးခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

We want to get that whole thing kick-started and going.

ကျနော်တို့ ဒီတခုလုံးကို အမြန်ဆုံး စတင်ပြီး အရှိန်နဲ့ ဆက်လုပ်ဆောင်လို့ သွားချင်ပြီ။

ဒီတပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေကတော့ Put on notice, Nothing is off the table နဲ့ To get kick started တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG