သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ နဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသား ဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်သွားမှာပါ။

ရှမ်းပြည် အရှေ့ခြမ်း

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးပိုင်ခွင့်ရှိတဲ့ မိုင်းကျွတ်ဇာတိ၊ ရှမ်းလူမျိုးနဲ့ ပုံပါကျင်မြို့နယ်ခွဲ ဟွေအော ကျေးရွာအုပ်စု၊ နမ့်ဟူးခွန်ကျေးရွာအုပ်စုမှ ၀ လူမျိုးတွေကို မဲပေးပိုင်ခွင့်စာရင်းထဲမှ မနေ့က ထုတ်ပယ်လိုက်တယ်လို့ ဒေသခံ ၀ ကျေးရွာအုပ်စု အကြီးအကဲက ပြောပါတယ်။

တောင်ပိုင်း ၀ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟွေအောကျေးရွာအုပ်စု၊ နမ့်ဟူးခွန်ကျေးရွာအုပ်စုက ၀ လူမျိုးတွေကိုတော့ ရွေးကောက်ပွဲ ကော်မရှင် အမိန့်နဲ့ ထုတ်ပယ်လိုက်တယ်လို့ အဲဒီ ၀ အကြီးအကဲကပဲ ပြောပါတယ်။

မိုင်းကျွတ်ဇာတိတွေ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံသွားလာဖို့အခက်အခဲရှိတာကြောင့် ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ မိုင်းတုံဒေသခံ တဦးကပြောပါတယ်။

၀ လူမျိုးတွေ ရှမ်းပါတီကို မဲပေးမယ်လို့ ၀ အကြီးအကဲတွေက ပြောထားတာကြောင့် ဒီလိုပယ်ချလိုက်တာ ဖြစ်မယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ တရားမမျှတဘူးလို့ ၀ ရွာသူကြီးတစ်ဦးကပြောပါတယ်။

မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းထဲမှ ထုတ်ပယ်ခံလိုက်ရတဲ့ မိုင်းကျွတ်ဇာတိ ရှမ်းလူမျိုးကတော့ ၁၅၀ ရှိပြီး ၀ လူမျိုးကတော့ ထောင်ချီရှိတယ်လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ မဲမပေးရင်လည်း ရပါတယ် ဆိုတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စတစ်ကာ တွေ တွေ့ရင် အာဏာပိုင်တွေက ဒဏ်ငွေကျပ် သုံးသောင်း ရိုက်တယ်လို့ ပအိုဝ်းဒေသခံတွေက ပြောပါတယ်။

အခု အဲဒီဒေသတွေမှာ ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီတွေက ပုံစံအမျိုးမျိုးနဲ့ မဲဆွယ် စည်းရုံးနေချိန်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ်တစုက မဲမပေးရင်လည်း ရပါတယ် ဆိုတဲ့ စာသားကို စတစ်ကာ အနီ အပေါ်မှာ စာလုံးအဖြူနဲ့ ရေးသားပြီး တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ ဟိုပုံး စတဲ့ မြို့တွေမှာ လိုက်လံဝေငှ ကပ်ခဲ့ကြတာပါ။

အဲဒီ စတစ်ကာကို အိမ်မှာကပ်တာ အာဏာပိုင်တွေက တွေ့လို့ ဒဏ်ငွေ သုံးသောင်းရိုက်ပြီး၊ နောက် ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာ၊ ပိုစတာ၊ စတစ်ကာတွေ လက်မခံဖို့၊ လက်ခံခဲ့ရင် အဖမ်းခံရမယ်ဆိုပြီး သတိပေးတယ်လို့ ဒဏ်ရိုက်ခံရတဲ့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့

ရခိုင်ပြည် ကျောက်တော်မြို့နယ်မှာ လူဝင်မှုကြီးကြပ်ရေးဌာနက မှတ်ပုံတင်မရှိသူတွေကို ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် မှတ်ပုံတင် အသစ်တွေ မလုပ်မနေရ အတင်းလုပ်ခိုင်းပြီး မှတ်ပုံတင်လုပ်ခအတွက် ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလုပ်ပေးနေတဲ့ မှတ်ပုံတင်တွေဟာ မဲထည့်ဖို့အတွက် ယာယီထုတ်ပေးတဲ့ မှတ်ပုံတင်တွေဖြစ်ပြီး ဓါတ်ပုံ`ရိုက်ခ လျှောက်လွှာဖြည့်ခတွေ အတွက် တဦးကို ကျပ်ငွေ ၆ ထောင်ကနေ ၁ သောင်း အထိ တောင်းခံတယ်လို့ ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ်က တခြားကျေးရွာတွေမှာလည်း မိသားစုရင်းမှာရှိပြီး အဝေးရောက်နေသူတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေ သူတွေအတွက်ပါ မှတ်ပုံတင်အသစ် လုပ်ခိုင်းနေသလို မိသားစုလိုက် ရန်ကုန်ပြောင်းသွားသူတွေလည်း မဲစာရင်းမှာ ပါနေတယ်လို့ ဆိုပါတယ်။

ကျွန်မက ချမ်းလွန် ပါ။ အခု သတင်းဆောင်းပါး တပုဒ်ကိုကြားကြရမှာပါ။ လာမယ့် ရွေးကောက်ပွဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက် နွယ်နေတယ်လို့ သတ်မှတ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်လို့ ကချင်သတင်းဌာန၊ ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့နဲ့ ပလောင် အမျိုးသမီး အဖွဲ့တို့ရဲ့အစီရင်ခံစာ တရပ်မှာ ဖော်ပြထားပါတယ်။ အဲဒီ ပြည်သူ့စစ် ခေါင်းဆောင်တွေ မူးယစ်ဆေးဝါးနဲ့ ဘယ်လိုပတ်သက်နေတယ်၊ ရွေးကောက်ပွဲယှဉ်ပြိုင်တော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ် ဆိုတာ နန်းမွေခေါဝ်က စုစည်း တင်ဆက်ထားပါတယ်။

ပန်းဆေးကျော်မြင့် တရုတ်လူမျိုးဟာ ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင်ဖြစ်ပြီး နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အဆင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်နယ်မြေ ဝင်ထွက်သွားလာနေတဲ့ အသက် ၄၀ ကျော်ရှိ မူဆယ်ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။

ပန်းဆေးကျော်မြင့်က ပြည်သူ့စစ်ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ သူဟာ စီးပွါးရေးဥစ္စာဓနတွေ ကြွယ်ဝလာတယ်။ စီးပွါးရေးဥစ္စာ ဓန ကြွယ်၀ လာတယ်ဆိုတဲ့ နေရာမှာလည်း လောင်းကစားဝိုင်းတို့ နိုက်ကလပ်တို့၊ မူးယစ်ဆေးဝါးတို့ ဒါတွေနဲ့ ကျော်ကြားလာတဲ့ လူတယောက်ရယ်လို့ ဒေသထဲမှာတော့လူသိများတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတာပေါ့

ဦးကမ်မိုင်ဟာ အင်အား ၂၀၀ လောက်ရှိတဲ့ မိုင်းပေါ့ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်ပြီး မူဆယ်မြို့နယ် ပြည်နယ် လွှတ်တော်အဆင့် ယှဉ် ပြိုင်မှာ ဖြစ်ပါတယ်။ ဦးမြင့်လွင် ကိုးကန့်လူမျိုးကတော့ တာမိုးညဲ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပြည်နယ် လွှတ်တော် အဆင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့် လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက အခုလိုပြောပါတယ်။

“ဦးမြင့်လွင်က မ.ဆ.လခေတ်ကတည်းက ဗမာ့တပ်မတော်နဲ့ပေါင်းပြီးတော့ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အခွင့်အရေး ရကြတာပေါ့။ ကုမ္ပဏီလည်း ထောင်ထားတယ်။ ကုမ္ပဏီလည်း တော်တော်ကြီးတယ်။ တဘက်က တရားဝင်တဲ့ အလုပ်လုပ်ပြီး နောက်တဘက်ကလည်း တရားမဝင်တဲ့အလုပ်လုပ်ပြီးတော့ နာမည်ကြီးနေတာကြာပါပြီ”

ဦးထီခွန်မြတ်ဟာ လူသူ ၆၀၀ ရှိတဲ့ ကချင်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်အဆင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူက မူးယစ်ဆေးဝါးကို ဘယ်နည်းနဲ့ ထုတ်လုပ်နေတယ်ဆိုတာ ကချင်သတင်းဌာနမှ ကိုနော်ဒင်းက အခုလိုပြောပါတယ်။

“ဦးခွန်မြတ် ပြည်သူ့စစ်အဖွဲ့ကတော့ တိုက်ရိုက်မူးယစ်ဆေးဝါးကို ထုတ်လုပ်နေတဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ န.အ.ဖကပေး တဲ့ အခွင့်အရေးကိုယူပြီးတော့ စီးပွားရေးလုပ်တတ်တဲ့တရုတ်၊ အထူးသဖြင့် မူးယစ်ဆေးဝါးရာဇာတွေနဲ့ ပူးပေါင်းပြီးတော့ မူးယစ် ဆေးဝါးထုတ်လုပ်တဲ့အပိုင်းတွေ ရှိတယ်”

ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ နအဖအတိုက်ခံအဖွဲ့ကို ပူးပေါင်းကူညီ တိုက်ခိုက်ပေးတဲ့အတွက် စစ်အစိုးရဟာ သူတို့ကို စီးပွါးရေး လုပ် ပိုင်ခွင့်တွေ ပေးထားတာကြောင့် ဘိန်းအများအပြားစိုက်ပျိုးပြီး မူးယစ်ရာဇာ ဖြစ်လာကြတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်တော့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ဦးခွန်စိုင်းက အခုလိုပြောပါတယ်။

“နံပါတ်တစ်ကတော့ သူတို့ရဲ့ မူးယစ်ဆေးဝါးပါဝင်မှုမှာ အရင်ကထက်ပိုပြီး တရားဝင်ကျကျပိုပြီး လုပ်လာနိုင်မယ်လို့ ဆိုကြပါ တယ်။ နောက်တခုက တဘက်ကလည်း ငွေမည်းကိုငွေဖြူဖြစ်အောင် လျှော်ဖွပ်သလို သူတို့လူမည်းဘဝကနေ လူဖြူဖြစ်အောင် ပြန်ပြီးတော့မှ လျှော်ဖွပ်ပေးလိုက်သလို ဖြစ်နေပါတယ်။ နောက်တခုကတော့ သူတို့ရဲ့သြဇာအာဏာ ပိုပိလာတာကြောင့် အတိုက် အခံတွေကို ဖြိုခွဲတဲ့နေရာမှာလည်း သူတို့ကပိုပြီးတော့ အရေးပါ အရာရောက်မယ်လို့ ဆိုကြပါတယ်”

အခု ဒီလေးယောက်ရဲ့သတင်းဟာ အတိအကျရထားတဲ့အတွက် တင်ပြရတာဖြစ်ပြီး အတည်မပြုနိုင်တဲ့ သတင်းအရ နောက်ထပ် မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲမှာ အများကြီးရှိပါသေးတယ်လို့ ဦးခွန်စိုင်းက ပြောပါတယ်ရှင်။

XS
SM
MD
LG