သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရက် ကြေညာချက် တိုင်းရင်းသားပါတီအများစု ကြိုဆို


ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာလိုက်တဲ့အပေါ် တိုင်းရင်းသားပါတီအများစုက ကြိုဆိုလိုက်ပြီး နှစ်လအတွင်းမှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ထား ကြပါတယ်။ ဒါပေမဲ့လည်း ပါတီတချို့ကတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေအတွက် မှတ်ပုံတင်ကြေးပေးသွင်းဖို့ ငွေကြေးအခက်အခဲရှိတယ်လို့ ပြောပါ တယ်။ မဲထည့်ကြမယ့် တချို့ ပြည်သူတွေထဲမှာတော့ ရွေးကောက်ပွဲကို အယုံအကြည်မရှိသူ တွေလည်း ရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်းကျင်းပမယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ပွဲရက်ကို အခုလို တိတိကျကျ တရားဝင်ထုတ်ပြန် လိုက်တဲ့အပေါ်မှာ တိုင်းရင်းသားပါတီ အများစုက ကြိုဆိုလိုက်ပါတယ်။

“ကြိုဆိုပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုရင် ဒီနှစ်အတွင်း လုပ်မယ်ဆိုတဲ့ ကတိရယ်။ နောက် အောက်တိုဘာလိုလို ဒီဇင်ဘာလိုလိုနဲ့လေ။ ကြားလလေး လုပ်လိုက်တာကို ဝမ်းသာပါတယ်လို့။”

ဒါကတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင် ပြောဆိုသွားတာ ဖြစ်ပါတယ်။ သူတို့ပါတီ အနေနဲ့ကတော့ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် အဆင်သင့်ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“သေချာတဲ့နေရာတွေမှာ ဆက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ အဝေးဆုံးက ရခိုင် ၁၇ မြို့နယ်မှာ အများဆုံး ထားနိုင်ရင် ၂ မြို့နယ်၊ ၃ မြို့နယ်လောက်ကို ကျနော်တို့ ချန်ထားနိုင်မှာပါ။”

ကရင်ပြည်သူ့ပါတီ ကလည်း နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်လုံလောက်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဆေးဝါးက ပြောပါတယ်။

“လုံလောက်ပါတယ်။ ကျနော်တို့ မျှော်မှန်းထားတာက အောက်တိုဘာလကုန်လို့ အောက်တိုဘာ လဆန်း မျှော်မှန်းထားပါတယ်။ သူတို့ လူနည်းစုအခွင့်အရေးက တိုင်းနဲ့ပြည်နယ် ၅ ခုလေ။ ပဲခူးတိုင်းရယ်၊ ဧရာဝတီတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ တနင်္သာရီတိုင်းရယ် အဲဒီတိုင်း ၅ တိုင်းကို အဓိက ထားပြီးတော့ ကရင်ပြည်နယ် တချို့နေရာတွေလည်း ဝင်မှာပါ။ ၃၀ ကနေ ၄၀ ဝန်းကျင်လောက် ရှိမယ်ထင်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ ကိုယ်စားလှယ်လောင်းတွေအတွက် မှတ်ပုံတင်ကြေး ပေးသွင်းဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ပြောပါတယ်။

“အစောပိုင်းက အားလုံးပြောကြတာက အောက်တိုဘာ ၁၀ ရက် ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီထက်စာရင်တော့ ကျနော်တို့က နည်းနည်းလေး အချိန် ပိုရတဲ့သဘော ဖြစ်သွားတယ်ပေါ့။ အခက်အခဲကတော့ ကျနော်တို့ ငွေရေးကြေးရေး အခက်အခဲတော့ ရှိမှာပေါ့။ ကျနော်တို့ ကိုယ်စားလှယ်တင်ထားတဲ့ စပေါ်ငွေက တော်တော်လေး အတိုင်းအတာ ကျနော်တို့အတွက် ကြီးမားတယ်လေ။ ကျနော်တို့က တမြို့နယ်ကို ၃ ယောက်လောက်ဆိုရင် ကျနော်တို့က ၁၅ သိန်း ကုန်တာကိုး။ ရှမ်းပါတီချည်းပဲ ယာထားတာ ၅၀ ပတ်ဝန်းကျင်လောက် ဆိုတော့ ကျနော်တို့က အဲဒါ တော်တော်လေးကို ဝန်ထုတ်ဝန်ပိုး ဖြစ်နေတာပေါ့။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းလှကျော် ပြောသွားတာ ဖြစ်ပါတယ်။ သူတို့ပါတီက ရှမ်းပြည်နယ်အတွင်းမှာ မြို့နယ် ၄၀၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ ၁၀ မြို့နယ်လောက် ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲရက် ကြေညာချိန်အထိ တရားဝင်ပါတီ ဖွဲ့စည်းခွင့် မရသေးတဲ့ ကချင်ပြည်နယ် တိုးတက်ရေး ပါတီကလည်း ပါတီဖွဲ့စည်းခွင့်ရတာနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ထားတယ်လို့ ပါတီဥက္ကဌ ဒေါက်တာ တူးဂျာက ပြောပါတယ်။

“ပါတီ တည်ထောင်ခွင့် မရရှိသေးတော့ ဆက်လုပ်စရာလိုတဲ့ လုပ်သင့်တဲ့ အလုပ်တချို့ကိုလည်း ကျနော်တို့က တရားဝင် လုပ်လို့ မရသေးဘူးပေါ့။ အမတ်လောင်း ရွေးချယ်တာတွေ ကျနော်တို့ လုပ်လို့မရသေးဘူးလေ။ ယာ ထားတာလောက်ပဲ ကျနော်တို့ ရှိနိုင်တယ်။ အဲဒါမျိုး အခက်အခဲတော့ ရှိတာပေါ့။ ကျန်တဲ့ဟာကတော့ ကျနော်တို့ အထိုက်အလျောက်တော့ လုပ်နေပါတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေရဲ့ အမည်စာရင်း ၁၆ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ တင်ရမယ်ဆိုတော့ ဒီရက် အတော်အတွင်းမှာတော့ ကျနော်တို့ပါတီနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေ ဆုံးဖြတ်ပေးကြလိမ့်မယ်လို့ ထင်တယ်လေ။ လုံလောက်တဲ့အချိန်ရအောင်တော့ သူတို့ စီစဉ်ပေးလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပါတီတည်ထောင်ခွင့် ပြုပြီဆိုတာနဲ့ အမြန်ဆုံး စီစဉ်လို့ရပါတယ်။”

ဒီလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားချိန်မှာ တချို့ မဲဆန္ဒရှင် ပြည်သူတွေတော့ ရွေးကောက်ပွဲဟာ သူ့တို့ဘဝတွေအတွက် အပြောင်းအလဲ ဖြစ်စေမယ်လို့ မယုံကြည်ပါဘူး။

“ဘာမှ ထူးလာမယ့် ရွေးကောက်ပွဲမှ မဟုတ်တာပဲ။ သူက ဘယ်သူ စိတ်ဝင်စားမှာလဲ။ အဲဒါ ရှင်းရှင်းလေးပဲ။ ဘောင်းဘီဝတ်နဲ့ ပုဆိုးဝတ်နဲ့ ပြောင်းလိုက်တဲ့ဟာက ဘာအကြောင်း ထူးလာမှာလဲ။ ဒီလူက ဒီလူပဲဥစ္စာချည်းဟာ။”

တနင်္သာရီတိုင်းက အမျိုးသမီးတယောက် ပြောသွားတာပါ။ ချင်းအမျိုးသား တဦးကတော့ သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

“မျှမျှတတ မှန်မှန်ကန်ကန် လူထုကလည်း တရားမျှတစွာ မှန်မှန်ကန်ကန် အေးအေးချမ်းချမ်းလေးနဲ့ ခေါင်အေးအေးလေးနဲ့ စိတ်တိုင်းကျ ကိုယ်စားလှယ်ကောင်း ရွေးနိုင်မယ်ဆိုရင်လည်းပဲ ဒါ တိုင်းပြည် ဖွံ့ဖြိုးပြီးတော့ အားလုံး တန်းတူရည်တူ ကောင်းစားမယ်။ ဒါ ကျနော်တို့ အားလုံး မျှော်လင့်တောင့်တတာပါ။”

၁၉၉၀ ပြည့်နှစ်မှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား တိုင်းရင်းသား ပါတီအများစုကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

XS
SM
MD
LG