သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ နဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရှမ်းပါတီ စည်းရုံးရေး ဆင်းတဲ့ အိမ်တွေကို စာရင်းကောက်ခံတာတွေ နောက်မဖြစ်စေရပါဘူးလို့ ပါတီကို အကြောင်းပြန်လိုက်ပါတယ်

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ခေါ် ကျားဖြူပါတီက စည်းရုံးရေး ဆင်းခဲ့တဲ့ အိမ်တွေကို မေးမြန်းစုံစမ်းတာတွေ မဖြစ်စေရတော့ပါဘူးလို့ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ စရဖ က တိုင်တန်းခဲ့တဲ့ ပါတီခေါင်းဆောင်တွေကို မနေ့က အကြောင်းပြန်ခဲ့ပါတယ်။

ဒီလိုကောက်ခံခဲ့တာဟာ အထက်အမိန့်အရ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပြီး နောက်နောင် မဖြစ်အောင် တာဝန်ယူ သွားမယ်လို့ စရဖ တာဝန်ရှိသူတွေက အကြောင်းပြန်ခဲ့တာပါ။

လွိုင်လင်မြို့နယ် ပင်လုံမြို့နယ်ခွဲအတွင်း ကျားဖြူပါတီတို့ စည်းရုံးရေးဆင်းခဲ့တဲ့အိမ်တွေကို ဒေသခံအာဏာပိုင်နဲ့ ထောက်လှမ်းရေး တွေက ကိုယ်ရေးမှတ်တမ်းတွေ လိုက်လံကောက်ယူခဲ့တဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး တိုင်ကြားခဲ့တာကို အခုလို အကြောင်းပြန်ခဲ့တာလို့ ပင်လုံမြို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်း စဝ်ဆိုင်မိဏ်းက ပြောပြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက ဘုန်းကြီးကျောင်းတွေက စာသင်သားတွေကို နေရပ်ပြန်လွှတ်ဖို့ ပြောနေပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သီးသုံးနေကြတဲ့ စာသင်သားသံဃာတွေကို မကြာမီနေရပ်ပြန်လွှတ်ဖို့ ကျောင်း ထိုင်ဆရာတော်တချို့ကို ကြံ့ဖွတ်တွေကဖိအားပေး ပြောဆိုမှုတွေရှိနေတယ်လို့ စစ်တွေမြို့က ရဟန်းတော် တပါးက ပြောပါတယ်။

အခုလို ဖိအားပေးနေတာဟာ ရွေးကောက်ပွဲမကျမီ အခြေအနေတွေ ငြိမ်သက်မှုရှိအောင်နဲ့ ရွေးကောက်ပွဲ ကာလမှာ တစုံတရာ အနှောင့်ချက်မဖြစ်ရအောင်အတွက် ဖြစ်နိုင်တယ်လို့ သံဃာတွေက ယူဆနေကြပါတယ်။

စာသင်သားတွေကို ပြန်လွှတ်ရမေ့နေ့ကို အတိအကျမသိရပေမဲ့ အခုလို ဝါတွင်းကာလမှာ ပြန်သွားဖို့ ကြံ့ဖွတ်တွေဖိအား ပေးလာနေတဲ့အတွက် အခြေအနေကို သံဃာတွေ စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း ခရီးသွားသံဃာတွေကို အရင်ကထက် ပိုမိုစစ်ဆေးနေပြီး သံဃာ့မှတ်ပုံတင်အပြင် မြို့နယ် ပြည်နယ် သံဃာကောင်စီတွေဆီက ထောက်ခံစာပါမပါကို အာဏာပိုင်တွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အပစ်ရပ် ကချင်နဲ့ ရှမ်းဒေသတွေမှာ ရွေးကောက်ပွဲ အပြီး တိုက်ခိုက်မှုတွေ တိုးမြင့်လာနိုင်တာကြောင့် အခုရက်ပိုင်းအတွင်း နှစ်ဖက် စစ်ပြင်မှုတွေ တိုးလုပ်လာပါတယ်။

ရွေးကောက်ပွဲ နည်းကပ်လာနေတဲ့ အချိန်မှာပဲ အပစ်ရပ်ဒေသတွေ အတွင်းမှာလည်း လုံခြုံရေး တိုးမြှင့်ချထားမှုတွေ ရှိလာနေပါတယ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ကေအိုင်အို ထိန်းချုပ်ရာနယ်မြေထဲမှာတော့ စစ်ဖြစ်လာနိုင်ဖွယ် ရှိတဲ့အတွက် အခုရက်ပိုင်းမှာ တပ်တွင်းလုံခြုံရေးနှစ်ဆတိုးချထားတယ် ကေအိုင်အိုအဖွဲ့ဝင် တစ်ယောက်ကပြောပါတယ်။

ကေအိုင်အိုဌာနချုပ်က တပ်စခန်းတွေမှာ အရင်က ည ၉နာရီထိ ဝင်ဝင်ထွက်ထွက်သွားခွင့်ရပေမယ့် ခုချိန်မှာတော့ ကေအိုင်အိုအရာရှိတွေကသာ ည ၈ နာရီထိပဲဝင်ထွက်ခွင့်ရပြီး ဌာနချုပ်လိုင်ဇာ တံခါးအဝင်အထွက်ကိုတော့ ပုံမှန်ဝင်ထွက်သွားလာခွင့် ပေးထားပြီး ဗမာစစ်အစိုး လူတွေဝင်တာမျိုးရှိရင် စောင့်ကြည့်နေတယ်လို့ ကေအိုင်အိုအဖွဲ့ဝင်တစ်ယောက် ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အနောက်တောင်ဘက် ဆိုင်ခိုက်အုပ်စုဝင်ရွာသား အယောက် ၂၂၀ ကိုတော့ ၁ လကြာမယ့် စစ်သင်တန်းတခုကို အခုအပါတ်ထဲမှာ ဆင့်ခေါ်တက်ခိုင်း နေပါတယ်။ ဒါဟာ ရှစ်ကြိမ်မြောက် သင်တန်းပေးတာလည်း ဖြစ်ပါတယ်။

ဒေသခံမြန်မာစစ်တပ်ကတော့ မဲရုံလုံခြုံရေး အတွက်လို့ဆိုကာ အဲဒီအုပ်စုထဲမှာရှိတဲ့ရွာ ၇ ရွာက ရွာသားတွေကို တရွာ ၁၅ ယောက် ကနေ အယောက် ၂၀ အထိ ဆင့်ခေါ် စစ်သင်တန်းပေးနေတာ ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်အပစ်ရပ် အသိုင်းအဝိုင်းကတော့ လားရှိုးသီပေါကားလမ်းတောင်ဘက်ခြမ်းမှာ အသွင်ပြောင်းရေးလက်မခံတဲ့ အပစ်ရပ် SSA တပ်ဖွဲ့ရှိနေတာကြောင့် ရွေးကောက်ပွဲပြီးလို့ ၎င်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာရင် အဲဒီ ပြည်သူ့စစ်တွေကို ရှေ့ပြေးတပ်အဖြစ် အသုံးချမှာဖြစ်လို့ စစ်ရေးအထူးလေ့ ကျင့်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရေးမှာ သီချင်းတွေ အသုံးပြုမှု ခေတ်စားလာချိန်မှာပဲ မွန်ပါတီက မဲဆွယ်ရေး သီချင်းကို မွန်ဘာသာ၊ မြန်မာဘာသာတွေနဲ့ ရန်ကုန်မှာ အသံသွင်းနေပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ တေးသီချင်းများနဲ့ စည်းရုံးမှုတွေ လူကြိုက်များလာတဲ့ အချိန်မှာပဲ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ရွေးကောက်ပွဲအတွက် မွန်ပြည်သူ လူထုကြားမှာ မဲဆွယ်စည်းရုံးရေးဆင်းရန် မဲနှင့်ပတ်သက်သည့်သီချင်းကို မွန်ဘာသာနှင့် ဗမာဘာသာနှစ်မျိုးနဲ့ ရန်ကုန်မြို့မှာ စသွင်းနေကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ဇနူမွန်က ပြောပါတယ်။

ပါတီအတွက် မဲလာထည့်ကြဖို့ မဲဆွယ်တေးသီချင်းဖြစ်ပြီး CD တချပ်ကို ကျပ် ၂၅၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာလဲ UDPKS ပါတီတွေဟာ နာမည်ကြီး ရှမ်း၊ ကချင်အဆိုတော်တွေ အပါအဝင် ကီးဘုတ်လေးတွေ ကိုင်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဖျော်ဖြေရေးအစီစဉ်လေးတွေနဲ့ လူထုစည်းရုံးမှုတွေလုပ်ဆောင်နေတယ်လို့ မိုးမောက်ဒေသခံတွေက ပြောပါတယ်။

ဒီပါတီရဲ့ အတွင်းရေးမှူးဟာ တစ်ချိန်က နာမည်ကြီး လူကြိုက်များတဲ့ အဆိုတော် ဖောင်လားဂမ်ဖန်ဖြစ်ပြီး ခုပါတီ သီချင်းတွေကို သူကိုယ်တိုင်ရေးစပ်ကာ ရှမ်း၊ ကချင်၊ ဗမာ သံစဉ်တွေဖြစ် လိုက်လံသီဆို စည်းရူံးရေးဆင်းနေတာ ဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း အထုပ္ပတ္တိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ ဥက္ကဌနိုင်ငွေသိန်းခေါ်နိုင်ဇနူမွန်ဟာ နိုင်ငံရေးသမားဘဝကို မခံယူခင်ကတည်းက မွန်ခေတ်ပေါ်တေးဂီတဝိုင်းကို ဦးစီးတည်ထောင်ခဲ့သူဖြစ်သလို အနှစ်(၃၅)နှစ် ကျော်ကတည်းက မွန်တေးသီချင်းလောကမှာ တေးပြုစာဆိုအဖြစ်ထင်ရှားခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ သီချင်းအများအပြားဟာ ခေတ်၊စံနစ်တွေကိုသရော်ပြီးတော့ ကွက်ကွက်ကွင်းကွင်း ထောက်ပြခဲ့တာကြောင့် မွန်ပြည်သူတွေအကြားမှာရေပမ်းစားလှပါတယ်။

သူရဲ့တေးသီချင်းတွေဟာ ယနေ့ထက်တိုင် မွန်လူငယ်တွေအကြားမှာရေပန်းစားနေဆဲဘဲဖြစ်ပါတယ်။ ဒ့ါအပြင်မွန်တေးဂီတတီးဝိုင်းကို ပထမဦးဆုံးဖွဲ့စည်းတည်ထောင် ခဲ့သူဖြစ်တယ်လို့ မွန်အဆိုတော်မင်းမျိုးညွှန့်က အခုလို ပြောပါတယ်။

ခေတ်မီတဲ့မွန်ဂီတဝိုင်းတစ်ခုပေါ်အောင်ဆိုပြီးတော့ သူတို့ကနေပြီးတော့ လျးဟံသာစပြီးတော့ တည်ထောင်ခဲ့တယ်။ (၁၉၇၄)ခုနှစ်ဝန်းကျင်လောက်က။ အဲဒီကနေစပြီးတော့ ကျွန်တော်တို့လိုအပ်တဲ့သီချင်းတွေ မယ်လိုဒီတွေ၊ သီချင်းအဓိပ္ပါယ် စာသားတွေ၊ အဖက်ဖက်ကနေပြီးတော့ ကူညီပြီးတော့ရေးသားခဲ့တယ်။

နိုင်ငွေသိန်းခေါ် နိုင်ဂျနူမွန်ဟာ မွန်ရိုးရာတေးသီချင်းကိုရော ခေတ်ပေါ်တေးသီချင်းတွေကိုပါ စွယ်စုံရေး သားနိုင် သူဖြစ်သလို တေးသွားနဲ့ကိုက်ညီတဲ့စာသားလေးတွေကို သီကုံးတဲ့နေရာမှာ ထူးချွန်ပြောင်မြောက်သူဖြစ်တယ်လို့ တေးပြုစာဆို ကိုဗညားအောင်က အခုလိုပြောပြပါတယ်။

သီချင်းတစ်ပုဒ်ကို ဒီအတိုင်းသူမစဉ်းစားဘူး။ အသံနဲ့နီးစပ်တဲ့ဟန်လေးကို ဒသနဆန်ဆန်သူတွေးတယ်။ ပရိတ်က ချက်ချင်းကို ကွက်ကနဲကွင်းကနဲမြင်တယ်။ သူ့သီချင်းတွေအများအားဖြင့် နိုင်ငံရေးသီချင်းတွေများတယ်။ မဆလခေတ်မှာ ဆိုရင် စီစစ်ရေးမှာ အတော်လေးအပယ်ခံရတယ်ဗျ။

ခေတ်စံနစ်ကိုတော်လှန်တဲ့တေးသီချင်းတွေ အများအပြားရေးခဲ့တယ်လို့ နိုင်ငွေသိန်းက ကိုယ်တိုင်ပြောပြပါတယ်။

ကျွန်တော်ရေးတဲ့သီချင်းတွေဟာ များသောအားဖြစ်ကတော့ တော်လှန်ရေးသီချင်းတွေများပါတယ်။ စံနစ်ကို တော်လှန်တာများတယ်။ ဥပမာ ပေါ်တာဖမ်းတယ်။ အချုပ်ခန်းထဲထဲ့တယ်။ လူတွေဘယ်လောက်ဒုက္ခ ရောက်လဲဆိုတဲ့ဟာ အဲတာကိုလဲကျွန်တော်လုပ်ခဲ့ဘူးတယ်။

နိုင်ငံရေးသမားဘဝဖြစ်သွားပေမဲ့လဲ အခုအချိန်ထိ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့သီချင်းတွေ ရေးနေဆဲလို့ နိုင်ငွေသိန်း က အခုလိုပြောပါတယ်။

မဲပေးတဲ့ဟာနဲ့ပက်သက်တဲ့သီချင်းတွေပါ။ မဲဘယ်လိုပေးရမလဲ။ ဒီမဲရွေးကောက်ပွဲမှာ ကျွန်တော်တို့လှုံ့ဆော်မှာ ပေါ့ဒါနဲ့။ ပြီးတော့ကျွန်တော်သီချင်းလေးငါးပုဒ်လောက်ရေးထားတယ်။ မွန်လိုလဲပါတယ်။ ဗမာလိုလဲ ပါတယ်။

နိုင်ငွေသိန်းခေါ် နိုင်ဂျနူမွန်ဟာ အထက်မြန်မာပြည်ပညာရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး( ၂ဝဝဝ) ခုနှစ်မှာ ဝန်ထမ်းဘဝကနေအငြိမ်းစားယူခဲ့ပါတယ်။ (၂ဝ၁ဝ)ခုနှစ်ဧပြီလ(၇)ရက်နေ့မှာ မွန်ဒေသလုံးဆိုင်ရာဒီမို ကရေစီပါတီဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပါတယ်။ နိုင်ငွေသိန်းဟာ မွန်တေးသီချင်းရေးသားခြင်းအပြင် မွန်စာပေသုသေတနပြုလုပ်ခြင်း မွန်စာတမ်းဖတ်ပွဲပြုလုပ်ခြင်း အစရှိတဲ့လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

XS
SM
MD
LG