သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသား ဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်သွားမှာပါ။


ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်းဒဏ်ကို အဓိကခံရတဲ့ မြေပုံ၊ကျောက်ဖြူနဲ့ အမ်းမြို့နယ်မှာ ရွေးကောက်ပွဲ ကို တလခန့်ရွှေ့ဆိုင်းပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မနေ့က တောင်းဆိုလိုက်ပါတယ်။

မုန်တိုင်းသင့်ဒေသတွေက ပြည်သူတွေဟာ အခုလက်ရှိမှာ ဒုက္ခမျိုးစုံကိုခံစားနေကြတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ ပါတီအတွင်းရေးမှူး ဦးဇော်အေးမောင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က မုန်တိုင်းသင့်ဒေသတွေမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေး မှာ မဟုတ်ဘူးလို့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ပြောဆိုတာတွေ့ရပေမဲ့ ရခိုင်ပါတီရဲ့ တောင်းဆို ချက်ကို တရားဝင်အကြောင်းပြန်တာ မရှိသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မဲရုံတွေကိုကြီးကြပ်မယ့် ဘုရားသုံးဆူမြို့နယ်တာဝန်ခံ မဲရုံမှူးကို လိုက်လံ ပို့ဆောင်တဲ့ အစိုးရတပ်ရင်းကို ကရင့် အမျိုးသား အစည်းအရုံး၊ ကေအန်ယူ တပ်က ဗုဒ္ဓဟူးနေ့က ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ မှားယွင်းပစ်ခတ်မိလို့ ရွာသားနှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ ဘုရားသုံးဆူမြို့နယ် ကရင်းမယ့်ပရမ်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ဇီးဖြူတောင်မှာ ရှိတဲ့ တောင်ယာစိုက်ခင်းအသွား အခုလိုပစ်သတ်ခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကေအန်ယူအနေနဲ့ ယခင်က ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်စီးမှာ မဟုတ်ဘူးပြောဆိုခဲ့ပေမယ့် ကေအန်ယူတပ်ရင်း (၁၆)ဟာ တာဝန်ခံမဲရုံမှူးကို လိုက်လံပို့ဆောင်ပေးနေတဲ့ ခ.မ.ရ (၄ဝ၉)တပ်ကို ဒီရက်ပိုင်းမှာ (၃) ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပါတယ်။

ရွေးကောက်ပွဲနီးကပ်လာတာတဲ့ အချိန်မှာပဲ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ ကရင်နီတပ်မတော်က ဆက်သွယ်ရေးမှာ အရေးပါတဲ့ ပွန်ချောင်းတံတားကို ဖျက်ဆီးခဲ့ပြီး မြန်မာစစ်အစိုးရတပ်တွေနဲ့ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အင်္ဂါနေ့က ကရင်နီတပ်မတော်၊ တပ်ရင်း ၃ က လွိုင်ကော်နဲ့ ရှားတောမြို့နယ်ကြားမှာရှိတဲ့ ပွန်ချောင်း တံတားကို ဖောက်ခွဲတဲ့အပြင် စစ်အစိုးရရဲ့ ခ.လ.ရ (၇၂) တပ်စခန်းကိုလည်း ဝင်ရောက်စီးနင်းတဲ့ အတွက် နှစ်ဘက် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားတဲ့အတွက် တံတားနားမှာရှိတဲ့ ပွန်ချောင်းကျေးရွာက ဒေသခံတွေကတော့ သူတို့ရဲ့နေအိမ်တွေကို စစ်အစိုးရ တပ်တွေက လာပြီးမီးရှို့မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပွန်ချောင်းတံတားပျက်စီးသွားတဲ့အတွက် ဒေသခံတွေရဲ့ သွားလာရေးအတွက်လည်း အခက်အခဲဖြစ်နေရတယ်လို့ လွိုင်ကော် မြို့ခံ တဦးကပြောပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာတပုဒ်ကြားကြရမှာပါ။

ကရင်နီဒေသထဲမှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တိုက်ပွဲတွေ ပိုများလာနေပါတယ်။ ကရင်နီတပ်မတော်က ရွေးကောက်ပွဲ စည်းရုံး လှုံ့ဆော်သူတွေကို လိုအပ်ရင် တိုက်ခိုက်သွားမယ်လို့ စာစောင်တွေ ဖြန့်ဝေထားပါတယ်။ ကရင်နီတပ်မတော်အနေနဲ့ ဘာလို့ အခုလို တားမြစ်မှုတွေ လုပ်လာရတာလဲဆိုတာ နှောင်းလှိုင်က မေးမြန်းစုစည်းထားပါတယ်။

စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကရင်နီပြည်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ကယန်းအမျိုးသားပါတီတွေကို ကရင်နီတပ်မတော်တွေ လှုပ်ရှားထိန်းချုပ်တဲ့ နေရာဒေသတွေမှာ စည်းရုံးရေး မဆင်းဖို့ တားမြစ်ထားတယ်လို့ ကရင်နီပြည်ထဲရေးရာ တာဝန်ရှိသူ ဘူးရယ်က ပြောပါတယ်။

ကရင်နီပြည်က ပြည်သူလူထုတွေ အားလုံးကို ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံး၀ မဲဆွယ် စည်းရုံးရေး မပြုလုပ်ရ။ လိုက်နာမှု မရှိရင် စစ်ရေးအရ ကြုံသလို ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ လလယ်ပိုင်းမှာ ကရင်နီ တပ်မတော်ကနေ တားမြစ်ထားတဲ့စာထဲမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တဖက်သတ် စည်းရုံးရေးဆင်းနေတာတွေဟာ မတရားဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူဦးရယ်က ပြောပါတယ်။

“ကျနော်တို့က ဘယ်ပါတီမှ စည်းရုံးခွင့်မပေးထားဘူး။ ဒီရွေးကောက်ပွဲကို ကျနော်တို့ မြင်တာကတော့ statement နဲ့ ကျနော်တို့ ထုတ်ပြန်ထားတာက တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ကျနော်တို့ ပြောထားတယ်။ နောက်ပြီးတော့ ကြံ့ဖွံ့ တပါတီထဲပဲ သူတို့စည်းရုံးရေး ဆင်းပြီးတော့ လူထုကိုလိုက်ပြီးတော့ မဲပေးရမယ်။ ဟိုဟာပေးမယ် ဒီဟာပေးမယ်။ စသည်ဖြင့်ပေါ့နော် အဲလိုပြောတဲ့ အပေါ်မှာတော့ ကျနော်တို့ လက်ခံနိုင်ဖွယ်ရာမရှိဘူးလေ”

ကရင်နီ တပ်မတော်က စည်းရုံးရေး မဆင်းရန်တားမြစ်ထားတဲ့စာကို ရှားတောမြို့နယ်၊ ဖရူဆိုးမြို့နယ်၊ မော်ချီး၊ ဘောလခဲ စတဲ့ မြို့နယ်တွေမှာ စာတွေ ဖြန့်ထားတာ တွေ့ရှိရမှာဖြစ်ပြီး မြို့ပေါ်ကျတဲ့ နေရာတွေမှာ တော့ အဲဒီစာ မရောက်သေးပါဘူး။

ကရင်နီတပ်မတော်က စည်းရုံးရေး မဆင်းဖို့ တားမြစ်ထားပေမဲ့လည်း ကြံ့ဖွံ့တွေက ကရင်နီ တပ်မတော်တွေ လှုပ်ရှားတဲ့နေရာဒေသနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ စည်းရုံးရေး ဆင်းနေတာ ရှိနေတယ်လို့ ကရင်နီသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူ ဗားမာနိုင်းက ပြောပါတယ်။

“လွိုင်ကော် ဂွင်ဘက်မှာဆိုရင်တော့ ဆင်းတာရှိတယ်။ ဒါပေမဲ့ ခုန ကျနော်ပြောတဲ့ ရှားတော မျိုးဆို သူတို့ အမည်းရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ နေရာမျိုး ဆိုတော့ သူတို့ မဆင်းရဲဘူး ထင်တယ်”

စစ်အစိုးရနဲ့ ကရင်နီတပ်မတော်တွေအကြား ပိုမိုတင်းကြပ်လာရင်တော့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ခုလက်ရှိ အခြေအနေထက် ပိုပြီးဆိုးလာမှာကို ပြည်သူတွေစိုးရိမ်နေကြတယ်လို့ ကရင်နီပြည် ဒီမော့ဆိုမြို့နယ်က ဒေသခံ တယောက်က ပြောပါတယ်။

“အဲဒါတော့ သူတို့အဓိက ဒီစစ်အစိုးရလက်ထဲမှာပဲ ရှိတယ် ။ တင်းကြပ်လာရင်တော့ ဆိုးမှာပေါ့ ။ သူတို့ ဒီလိုပဲ ဟထားမယ်ဆိုရင်တော့ ဆိုးမှာ မဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ သွားမှာပဲ ။ ဒီစစ်အစိုးရ တင်းကျပ်လာမယ်ဆိုရင်တော့ ဆိုးလာနိုင်တဲ့ အတိုင်းအတာတော့ ရှိတယ်”

လူထုဟာ ကြံ့ဖွံ့ပါတီရဲ့ နောက်ကွယ်မှာ စစ်တပ်ရှိနေတဲ့အတွက် မဲမပေးချင်ပေမယ့် ပေးနေရမယ့် အခြေအနေ ဖြစ်နေတဲ့အတွက် ကရင်နီပြည်မှာ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူဦးရယ်က ပြောပါတယ်။

XS
SM
MD
LG