သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် နုတ်ထွက်စာ တရားဝင် လက်ခံရရှိမှ အီးယူ ဆွေးနွေးမည်


လန်ဒန်မြို့ ပါလီမန် ရင်ပြင်တွင် အီးယူမှ ဗြိတိန် မထွက်ရေး ဆန္ဒပြနေသူတစ်ဦးကို ဂျွန်လ ၂၅ရက်က တွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo/Tim Ireland)
လန်ဒန်မြို့ ပါလီမန် ရင်ပြင်တွင် အီးယူမှ ဗြိတိန် မထွက်ရေး ဆန္ဒပြနေသူတစ်ဦးကို ဂျွန်လ ၂၅ရက်က တွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo/Tim Ireland)

အီးယူ ဥရောပသမဂ္ဂထဲကနေ ထွက်မဲ့ လုပ်ငန်းစဉ်တွေကို အသစ်တက်လာမဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရက ဆောင်ရွက်မှာဖြစ်တယ်ဆိုတာကို ဗြိတိန်ဝန်ကြီးချုပ် David Cameron ကထပ်ပြီး ပြောကြား လိုက်ပါတယ်။ EU ထဲကနေ ထွက်မယ် ဆိုတာကို သူ့အနေနဲ့ EU ကို တရားဝင် အကြောင်းကြားဖို့ အစီအစဉ်မရှိဘူး ဆိုတာကို တနင်္လာနေ့က ပါလီမန်ကို ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

တချိန်ထဲမှာပဲ ဗြိတိန်ထွက်မယ်လို့ EU ကိုတရားဝင် အကြောင်းမကြားမခြင်း ဒီကိစ္စ ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ EU ခေါင်းဆောင်တွေ ဘက်က ပြောကြားပါတယ်။ ခုလို အခြေအနေမှာ ကမ္ဘာတဝန်း အစုရှယ်ယာဈေးကွက်တွေ ဆက်ပြီးမတည်မငြိမ်ဖြစ်နေပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။

အီးယူ ဥရောပသမဂ္ဂ ထဲကနေ ဗြိတိန် ခွဲထွက်ဖို့ ဆန္ဒခံယူပွဲမှာ ဆုံးဖြတ် ခဲ့ပြီး နောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်ဝန်ကြီးချုပ် David Cameron ဟာ ပါလီမာန်မှာ တနင်္လာနေ့က မိန့်ခွန်းပြောကြားခဲ့ ပါတယ်။

ရှေ့အနာဂါတ်မှာ ဖြစ်လာမဲ့အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ဗြိတိန်နိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ရင်ဆိုင်သွားနိုင်ဖို့ ရေရှည် အစီအစဉ်တွေ ရှိပြီးသားဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောကြားခဲ့ပေမဲ့ EU ထဲက ထွက်မဲ့လုပ်ငန်းစဉ်တွေကို သူ့လက်ထက်မှာ လုပ်မှာ မဟုတ်ဘူးလို့ ပါလီမာန်မှာ ထပ်ပြီး အသိပေးခဲ့ပါတယ်။

Article 50 လို့သိကြတဲ့ EU အဖွဲ့ဝင်စာချုပ် အပိုဒ်ခွဲ 50 မှာပါတဲ့အတိုင်း EU အဖွဲ့ဝင် နိုင်ငံတစ်ခုက သမဂ္ဂထဲကနေ နှုတ်ထွက်ဖို့ တရားဝင် အကြောင်းကြားစာကို သူ့အနေနဲ့ ပို့မှာမဟုတ်ဘူး လို့ ခုလိုပြောကြားခဲ့ပါတယ်၊

“ဂျာမန်ဝန်ကြီးချုပ် Angela Merkel၊ ပြင်သစ်သမ္မတ Holland အပြင် ဥရောပခေါင်းဆောင် တော်တော် များများနဲ့ ကျွန်တော် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆွေးနွေးဖြစ်ပါတယ်။ ညှိုနှိုင်းမှုတွေ လုပ်ဖို့ ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်းနဲ့ အထူးသဖြင့် အခုအချိန်မှာ ဗြိတိန်အစိုးရက Article 50 ပါ အချက် အတိုင်း လုပ်မှာမဟုတ်ဘူးဆိုတာကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ EU ထဲကနေ ထွက်ပါမယ်လို့ တရားဝင် အကြောင်းမကြားခင် EU နဲ့ ဘယ်လို ဆက်ဆံရေးမျိုး ဆက်လုပ်သွား ချင်သလဲဆိုတာကို ဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒါက ဝန်ကြီးချုပ်သစ်နဲ့ သူ့ရဲ့အစိုးရသစ်က ဆုံးဖြတ်ရမဲ့ကိစ္စပါ။ ဒါကိုလဲ ဥရောပကောင်စီ ဥက္ကဋ္ဌ ကိုရော ဥရောပကော်မရှင် ဥက္ကဋ္ဌကိုပါ ကျွန်တော် အသိပေးပြီးဖြစ်ပါတယ်။ ဥရောပကောင်စီနဲ့ အင်္ဂါနေ့မှာ တွေ့တဲ့အခါမှာလဲ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဗြိတိန်ရဲ့ အချုပ်အခြာနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဗြိတိန်နိုင်ငံ တစ်ခုထဲကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ”

တချိန်ထဲမှာပဲ ဗြိတိန်ဖက်က နှုတ်ထွက်ဖို့ တရားဝင် အကြောင်း မကြားမချင်း ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ ခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။

ဂျာမနီမှာ အင်္ဂါနေ့မှာ ကျင်းပမဲ့ ဥရောပကောင်စီအစည်းအဝေး မတိုင်ခင် ခေါင်းဆောင် ၃ ယောက် တွေ့ဆုံခဲ့ကြပြီး သဘောတူခဲ့တဲ့ အကြောင်း ဂျာမနီဝန်ကြီးချုပ် Angela Merkel က ပူးတွဲ သတင်းစာရှင်းပွဲမှာ ခုလို ပြောခဲ့ပါတယ်၊

“ဗြိန်တိန်ဖက်က သမဂ္ဂထဲက ထွက်မယ်ဆိုတဲ့ အသိပေးချက်ကို ဥရောပကောင်စီဖက်က မရမချင်း ဗြိတိန်ထွက်မဲ့ကိစ္စ တရားဝင်ရော အလွတ်သဘောပါ ဆွေးနွေးမှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ သဘောတူကြပါတယ်။”

EU အဖွဲ့ဝင် ပြည်သူတွေ ရှေ့ဆက်သွားနိုင်ရေး EU က လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးဖို့လိုအပ်ကြောင်း နဲ့ စိုးရိမ်မှုတွေကို တုံ့ပြန် ဖြေရှင်းပေးဖို့လိုတယ် လို့လဲ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ ခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

မရေရာတဲ့ အခြေအနေ အကြာကြီးဖြစ်နေမယ်ဆိုရင် ၂ ဖက်လုံး ရဲ့ စီးပွားရေးအကျိုးစီးပွားကို ထိခိုက်နိုင်ပေမဲ့ ဗြိတိန်အနေနဲ့ အခြေအနေကို သုံးသပ်နိုင်ဖို့ အချိန်လိုတယ်ဆိုတာကို သူ့အနေနဲ့ နားလည်တယ်လို့လဲ ဂျာမနီ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

EU ထဲကထွက်ဖို့ ဗြိတိန်နိုင်ငံ ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ဟာ လန်ဒန်ကို တနင်္လာနေ့က လာရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီး Philip Hammond နဲ့ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နဲ့ EU ကြား ဆွေးနွေးမှုတွေမှာ ဗြိတိန်မပါတော့မှာကို သူ့အနေနဲ့ စိတ်မကောင်းပေမဲ့ ဗြိတိန်အနေနဲ့ အရေး ကိစ္စတိုင်းမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်နေဦးမှာဖြစ်တာကို သူ့အနေနဲ့ သံသယမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကုန်သွယ်ရေးနဲ့ပါတ်သက်လို့ အတိအကျ ဘယ်လိုဖြစ်လာမလဲ စီးပွား ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာမလဲ ဆိုတာကို အပြည့်အဝနားလည်နိုင်ဖို့ ညှိုနှိုင်းမှုတွေကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်ရ မှာဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ယူကေကြားမှာ ခွဲလို့မရတဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိတယ်လို့ သမ္မတ အိုဘားမား အထပ်ထပ် ပြောထားပြီးသား ဖြစ်ပါတယ်။ လိုတဲ့ အကူအညီအတွက် တတ်နိုင်တဲ့ နည်းလမ်း မှန်သမျှနဲ့ တတ်နိုင်သလောက် အကူအညီ ပေးသွားမယ်လို့လဲ သမ္မတက ပြောကြားထားပါတယ်။ ဗြိတိန်နဲ့ ဆက်ဆံရေး ရေရှည် တည်တံ့ဖို့တင် မဟုတ်ဘဲ ခိုင်မာတဲ့ EU ဖြစ်ဖို့နဲ့ ကမ္ဘာကြီးလုံခြုံရေး၊ ကမ္ဘာကြီး သာယာ ဝပြောရေးတို့အတွက် ဥရောပက ဆက်ပြီးဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။”

အီးယူ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ စီးပွားရေး အင်အားကြီးနိုင်ငံတခုဖြစ်သလို ကမ္ဘာ့စီးပွားရေးမှာ ပဉ္စမမြောက် စီးပွားရေး အင်အား အကြီးဆုံးဖြစ်တဲ့ ဗြိတိန်နိုင်ငံက တနိုင်ငံထဲ ရပ်တည် သွားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတဝန်း စီးပွားရေး ဈေးကွက်မှာ ဆက်ပြီး မတည် မငြိမ်ဖြစ် နေပါတယ်။ ငွေကြေးဈေးကွက်မှာ စတာလင်ပေါင်ဈေးဟာ ၃၁ နှစ်အတွင်း အနိမ့်ဆုံးဈေးကို ကျဆင်းခဲ့ပါတယ်။

ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး George Osborne ကတော့ အနာဂါတ်မှာဖြစ်လာမဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ ခိုင်မာတဲ့ စီးပွားရေး အခြေအနေ ရှိတယ်လို့ ဗြိတိန် ပြည်သူတွေနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ June လ ၂၃ ရက်နေ့က ဆန္ဒခံယူပွဲမှာ EU ထဲကနေ ထွက်မယ်လို့ အများဆုံး ဖြတ်ခဲ့ကြပြီးနောက် EU ထဲမှာ ဆက်နေရေး မဲဆွယ်တိုက်တွန်းခဲ့တဲ့ ဝန်ကြီးချုပ် David Cameron က October လ မကုန်ခင် နှုတ်ထွက်မယ် လို့ ကြေငြာခဲ့ပါတယ်။

သူ့နေရာအတွက် ဝန်ကြီးချုပ်သစ်ကို September လဆန်း ၂ ရက်နေ့ မတိုင်ခင် ရွေးချယ်နိုင်လိမ့်မယ်လို့ ဗြိတိန်နိုင်ငံရေး အသိုင်းအဝိုင်းကလာတဲ့ သတင်းတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG