သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မှာ တည်ငြိမ်စပြုလို့ ဒုက္ခသည်တချို့နေရပ်ရင်းပြန်


ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များ
ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင် တချို့ဟာ ဒီကနေ့မှာတော့ အခြေနေတွေ ပြန်လည် တည်ငြိမ်စပြုနေပြီမို့ ကိုယ့်နေရပ်ကို စတင်ပြန်နေ ကြပါပြီ။ စစ်ဘေးရှောင် တချို့ နေရပ် စပြန်ကြပေမယ့်လို့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေ ကြတဲ့ ဒုက္ခသည် စုစုပေါင်း ၈၀၀ လောက်တော့ ကျန်ရှိနေသေးတယ်လို့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တွေ က ပြောပါတယ်။ သတင်းအပြည့်အစုံ တော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထား ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ နားလော့ကျေးရွာနား မှာအောက်တိုဘာ ၂၃ရက် နေ့က မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေ သခံ ၁၀၀၀ နီးပါး နေရပ်စွန်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒီကနေ့မှာတော့ အခြေအနေတွေ ပြန်လည်တည်ငြိမ် စပြုပြီမို့ စစ်ဘေးရှောင်တချို့ နေရပ်စတင်ပြန်နေကြပြီ။ တိုက်ပွဲ တကယ်ဖြစ်ပွားတဲ့ နားလော့ ကျေးရွာနဲ့ လှမ်းတဲ့ရွာတွေက ဒေသခံတွေကတော့ နေရပ် စပြန်ကြတာ ဖြစ်ပြီး စစ်ဘေးရှောင် ဒုက္ခသည် ၈၀၀လောက်တော့ ကျန်နေသေးတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ စိုင်းဆမ်လှိုင်က ပြောပါတယ်။

“တိုက်ပွဲ သီပေါမြို့နယ်ထဲမှာတော့ မနေ့တနေ့က ၂၃၊ ၂၄ ရက်နေ့တွေ ထဲမှာ ဖြစ်တဲ့ဟာကတော့ ငြိမ်သွားပြီဗျ၊ ၂ ဘက်တပ်တွေဆုတ်ပြီးတော့ အခြေအနေတွေကတော့ ငြိမ်သက်သွားပါပြီ။ ဒုက္ခသည် အခြေအနေက ပြောမယ် ဆိုရင်တော့ အကြီးဆုံး ဒုက္ခသည်တွေက ပြောရမယ် ဆိုရင် ပြောပလောက်အောင်တော့ လေးနေရာလေက်တော့ ရှိသေးတယ်ဗျ။ အဲဒီလေးနေရာထဲ ကတော့ အတွင်းပိုင်းနည်းနည်းကျတဲ့ တနေရာကတော့ အကုန် အိမ်ပြန်ကုန်ကြပြီ။ အခုလောလောဆယ် ၃ နေရာလောက်ပဲကျန်တော့တယ်ဗျ။ ဒုက္ခသည်က တထောင်ဝန်းကျင်၊ ၈ ရာ၊ ၈ ရာကျော်ကျော်လောက်တော့ ရှိသေးတယ်ဗျ။”

နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေအတွက်တော့ စားနပ်ရိက္ခာ အခက်အခဲရှိတယ်လို့ သူက ပြောပါတယ်။

“စခန်းတွေမှာက မနေ့က ကျွန်တော်တို့ လအဓိက ကတော့ အစား အသောက်ပေါ့နော၊ အဝတ်အထည်တွေကတော့ ဝတ်စားစရာတွေကတော့ တချို့ရွာတွေက ရွာတော်တော်များများက ပြင်ဆင်ချိန်ရတယ်လေ။ ပါသွားကြတယ်။”

သီပေါမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နားလော့နဲ့ ဆယ်ခန်ကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာ လောက်က ဒေသခံတွေဟာ မိုင်းခေး၊ နားအွမ်၊ နားမခေါ် စတဲ့ကျေးရွာက နီးစပ်ရာ ဘုန်းတော် ကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေထံမှာ ခိုလှုံနေကြရတာဖြစ်ပြီး တချို့ကတော့ ဒီကနေ့မှာ နေရပ် စပြန်နေကြတာပါ။ တိုက်ပွဲ တကယ် ဖြစ်ပွားခဲ့တဲ့ နားလော့ကျေးရွာက ဒေသခံ ရွာသားတွေကတော့ နေရပ်ပြန်နိုင်ခြင်းမရှိ သေးဘူးလို့ စစ်ဘေးရှောင်တွေကို ခေါ်ယူစောင့်ရှောက်ထားတဲ့ နားမခေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်း ညွှန့်က ပြောပါတယ်။

“မိုင်းခေး သွားတာရှိတယ်။ နားအွမ်သွားတာရှိတယ်။ နားအုံး ဘုန်းကြီးကျောင်း သွားတာရှိတယ်လေ။ အဲ့ဒီအဖွဲ့ပဲကျန်မယ်ထင်တယ်။ ကျွန်တော်တို့ ရွာကလူတွေကျတော့ မပြန်ကြသေးဘူး ခင်ဗျ။ ခုဒီနေ့ ကျတော့ လေးငါးဆယ်ယောက်လောက်က သူတို့ရွာ အခြေအနေ ပြန်သွားလေ့လာ ကြတယ်။ သူတို့လေ့လာပြီးရင် ညနေပိုင်းကျရင် ပြန်ရောက် လာမယ်။ ပြန်ဖြစ် မပြန်ဖြစ်ဆိုတာ အဲ့ဒီအခါမှ သိရမှာ။”

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC မှာပါတဲ့ SSPP/SSA ရှမ်းပြည် တပ် မတော် (မြောက်ပိုင်း) ဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA မှာ ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသလို ပြီးခဲ့တဲ့ မေလ တုန်းကလည်း မြန်မာစစ်တပ်နဲ့ SSPP/SSA အဖွဲ့ကြား သီပေါမြို့နယ်ထဲ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG