သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လယ်သမားသမဂ္ဂ ဖွဲ့စည်းရေး ကြိုးပမ်း


လယ်သမားတွေရဲ့ အခွင့်အရေး တစုတစည်းတည်း တောင်းဆိုနိုင်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် လယ်သမား သမဂ္ဂ ဖွဲ့စည်းဖို့ ပြည်နယ်တဝန်းက လယ်သမား ကိုယ်စားလှယ်တွေ စည်းဝေး ညှိနှိုင်းနေကြပါတယ်။ လယ်ယာ လုပ်သား ရှားပါးမှု၊ မြေယာသိမ်းဆည်းခံရမှုတွေကြောင့် ဖွံ့ဖြိုးမှုလျော့လာတဲ့ ရခိုင်ပြည်နယ်က လယ်ယာ လုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။ ရခိုင် လယ်သမား ညီလာခံမှာ ဘာတွေ အဓိကထား ဆွေးနွေးနေကြလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် တခုလုံးကို ကိုယ်စားပြုနိုင်မယ့် လယ်သမား သမဂ္ဂ တခု ဖွဲ့စည်းဖို့ မြေပုံမြို့မှာ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အစိုးရက ပြန်လည် ပေးအပ်နေတဲ့ သိမ်းဆည်းခံ မြေယာတွေ မူလပိုင်ရှင် လက်ဝယ် ပြန်ရောက်ရေး အပါအဝင် မဖြေရှင်းနိုင်သေးတဲ့ မြေသိမ်းယာသိမ်း အရေးတွေ အတွက်ပါ အစိုးရကို တောင်းဆိုနိုင်ဖို့ အထိ အခု ဖွဲ့စည်းမယ့် ရခိုင် လယ်သမား သမဂ္ဂက ရည်ရွယ်တယ်လို့လည်း ဦးဆောင်သူ တဦး ဖြစ်တဲ့ ဦးကျော်ဇံက ပြောပါတယ်။

“အစိုးရကတော့ အဲဒါတွေကို အတိုင်းအတာတခုအထိဖြေရှင်းလာတဲ့အပေါ်မှာ လက်ကျန်တွေတော့ရှိနေသေးတယ် ။ အဲဒီအပေါ်မှာလည်း ကျနော်တို့က တောင်သူလယ်သမားတယောက်ရဲ့ အမှန်တကယ် ပိုင်ဆိုင်မှုကို ကျနော်တို့ ထိုက်ထိုက်တန်တန် ပြန်ပြီးတော့ ရယူနိုင်အောင်ဆိုတဲ့ အခန်း ကဏ္ဍ ကကျနော်တို့မှာ ကျန်နေသေးတဲ့အတွက် ကျနော်တို့ အဲဒီအပိုင်းကို ပံ့ပိုးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။ ကျနော်တို့ အဓိကတော့ ရည်ရွယ်ချက် ၃ ခုကို အခြေခံ ပါတယ်။ ၁ ကတော့ တောင်သူလယ်သမားများ၏ လူနေမူဘဝအကျိုးစီးပွားများကို မြင့်တင်နိုင်ရန်၊ ၂ ကတော့ တည်ဆဲဥပဒေနှင့် ညီညွှတ်မှုမရှိသော မြေယာဆုံးရုံးမှုများ၊ မြေယာသိမ်းဆည်းမှုများ အားကာကွယ်နိုင်ရန် ၊ ၃ ကတော့ တောင်သူလယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်သူလယ်သမားများကိုယ်တိုင် အပြည့်အဝဖန်တီးနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုပေါ်မှာ အခြေခံတယ်ခင်ဗျ။”

အာဏာပိုင်တွေရဲ့ မြေယာ သိမ်းဆည်းခံရမှု ပြဿနာတွေကတော့ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနည်းတူ ရခိုင်ပြည်နယ်လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် လွှတ်တော်မှာတော့ မြေယာ စိစစ်ရေး ကော်မတီ တရပ် ဖွဲ့စည်း စိစစ်ခဲ့ပေမယ့် မြေယာ ပြဿနာက ထိထိရောက်ရောက်တော့ မပြေလည်သေးပါဘူး။ အခု အစိုးရသစ် လက်ထက်မှာတော့ ဒုတိယ သမ္မတ ဦးဆောင်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လယ်ယာမြေ စိစစ်ရေး ကော်မတီတွေ ဖွဲ့ပြီး ဆောင်ရွက်နေတာကလည်း ထိရောက်မှု မရှိဘူးဆိုပြီး မြေပုံမြို့နယ် လွှတ်တော်အမတ် ဦးဖေသန်းက ဆိုပါတယ်။

“ကျနော်တို့ရခိုင်ပြည်နယ်မှာကတော့ အများဖြင့်တော့ တပ်က သိမ်းယူတာများပါတယ်ခင်ဗျ။ နဂိုက တပ်ရင်း ၃-၄ ရင်းပဲ ရှိတာက နဝတ၊ နအဖ စစ်အစိုးရတက်လာတော့ တပ်ရင်းတပ်ဖွဲ့တွေ ၅၃ ခုအထိ ရှိလားတဲ့အခါမှာ တပ်ရင်းတပ်ဖွဲ့တွေ တပ်တည်ဆောက်ရေးအတွက် မြေနေရာတွေသိမ်းတဲ့အခါမှာ အများကြီးပါသွားပါတယ်။ ရခိုင်ပြည်နယ်အတိုင်းအတာနဲ့တော့ ကျနော်တို့မှာ မြေပြန့်ဒေသ တော်တော်ကို ရှားပါးပါတယ်။ အထူးသဖြင့် မြေပြန့်ဒေသတွေကိုလည်း တပ်တည်ဆောက်ရေးအတွက် သိမ်းလိုက်တဲ့အခါမှာ မြေယာပြဿနာတွေအများကြီးဖြစ်လာတယ်။ တချို့ ဒီရေတောတွေကို ခုတ်ရုင်းလင်းပြီးတော့ ဒီအပေါ်မှာ စိုက်ပျိုးတဲ့မြေတွေကျတော့လည်း တပ်တွေက သူတို့စီးပွားရေးလုပ်ငန်းတွေအတွက် ပုဇွန်ကန်တို့တည်ဆောင်တာတွေမှာလည်း သိမ်းဆည်းထားပြီးတော့ ပြန်မပေးတာတွေလည်းရှိတယ်။ အဲဒီတော့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဒီလိုတာရိုးတွေကျိုးပေါက်ပြီးတော့ ဆားငန်ရေဝင်သွားတဲ့အခါမှာ ကျနော်တို့ လယ်သမားတွေ ပြန်ပြီး မဖို့နိုင်ပဲနဲ့ ဒုက္ခရောက်တာတွေရှိတော့ ဒီကိစ္စဟာ အများစုဖြစ်တဲ့ လယ်သမားတွေအတွက်တော်တော့ကို ပြဿနာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း အဓိက စီးပွားရေး လုပ်ငန်း တခုဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ မြေယာ သိမ်းဆည်း ဆုံးရှုံးမှုတွေရဲ့ တဖက်မှာ လယ်ယာ လုပ်သား ရှားပါးမှုနဲ့လည်း ကြုံတွေ့နေကြရတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ အခု ရခိုင် လယ်သမား သမဂ္ဂ ဖွဲ့စည်းရေး ညီလာခံမှာတော့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်က လယ်သမား ကိုယ်စားလှယ်တွေ တက်ရောက်နေကြပြီး သုံးရက်ကြာ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG