သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နွယ်ဖွား အမေရိကန် FBI အမှုထမ်း သူလျှိုလုပ်ကြောင်း ဝန်ခံ


တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း ဝန်ခံခဲ့တဲ့ Kun Shan Chun.
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း ဝန်ခံခဲ့တဲ့ Kun Shan Chun.

အမေရိကန်ပြည်ထောင်စု စုံစမ်းရေးဗြူရို FBI မှာ အလုပ်လုပ်တဲ့ အီလက် ထရွန်းနစ်ပိုင်းဆိုင်ရာ နည်းပညာ ကျွမ်းကျင်သူ အမေရိကန်တယောက်က သူဟာ တရုတ်အစိုးရအတွက် သူလျှို လုပ်ပေးခဲ့တာကြောင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

တရုတ်နိုင်ငံမှာမွေးပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ Kun Shan Chun က လှို့ဝှက် သတင်းအချက်အလက်တွေကို တရုတ်ကို ပေးခဲ့တယ်လို့ နယူးယောက်မြို့က ပြည်ထောင်စုတရားရုံးမှာ တနင်္လာနေ့က ဝန်ခံ ထွက်ဆိုခဲ့ပါတယ်။

FBI အဖွဲ့ရဲ့ ဖွဲ့စည်းထားပုံဇယား၊ FBI ထောက်လှမ်းရေးအရာရှိတွေနဲ့ သူတို့ရဲ့ ခရီးစဉ်တွေအပြင်၊ FBI ရဲ့ ထောက်လှမ်း စောင့်ကြည်မှုနဲ့ပါတ်သက်လို့ ကန့်သတ် တားမြစ်နေရာတွေမှာ ပြသထားတဲ့ အချက်အလက်တွေကိုလဲ Kun Shan Chun က ဓါတ်ပုံရိုက်ယူပြီး တရုတ်ကို ပေးခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

သူဟာ ၁၉၉၇ ခုနှစ်ထဲက FBI မှာ စတင်အလုပ်လုပ်ခဲ့ပြီး ထိပ်တန်း လုံခြုံရေးကင်းရှင်းကြောင်း ထောက်ခံမှုကို ၁၉၉၈ ခုနှစ်မှာ ရရှိခဲ့တဲ့အတွက် လှို့ဝှက် အချက်အလက်တွေကို သူ့အနေနဲ့ ရယူနိုင်ခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

Chun ရဲ့ မိဘတွေ အရင်းအနှီးထည့်ထားတဲ့ တရုတ်နိုင်ငံထဲက Printer စက်ထုတ်လုပ်တဲ့ ကုမ္ပဏီကတဆင့် သူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ထိပ်တန်း လှို့ဝှက်အချက်အလက်တွေကို တရုတ်နိုင်ငံကို ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

အသက် ၄၆ နှစ်အရွယ် Kun Shan Chun မှာ အပြစ်ရှိခဲ့ရင် ထောင်ဒဏ် ၂၇ လအထိ ကျခံရနိုင်ပါတယ်။

တနင်္လာနေ့ကတော့ အာမခံနဲ့ သူ့ကို လွှတ်ပေးခဲ့ပြီး ဒီအမှုနဲ့ ပါတ်သက်တဲ့ ပြစ်ဒဏ်ကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG