သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် အပစ်ရပ် လုပ်ငန်းစဉ် ထိခိုက်နိုင်


KIA ကချင်လွတ်မြောက်ရေးတပ် စစ်စခန်း။
KIA ကချင်လွတ်မြောက်ရေးတပ် စစ်စခန်း။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်းမှာ အစိုးရတပ်နဲ့ ကချင် တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ရွာသား ၂၀၀လောက်ဟာ တရုတ်နိုင်ငံအတွင်းကို တိမ်းရှောင်နေရပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် လဲချားမြို့နယ်အတွင်းမှာ SSA တောင်ပိုင်းနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ တာကြောင့် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မကြာခင် လက်မှတ်ရေးထိုးမယ့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ ရွေးကောက်ပွဲ အပေါ် ထိခိုက်လာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲတွေဟာ နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ တွေ့ဆုံဆွေးနွေးတဲ့ ဒီလ ၉ရက်နေ့ နောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းတွေမှာတော့ ပိုမိုပြင်းထန် လာတာ ဖြစ်ပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ KIA တပ်မဟာ ၄က ဒုတပ်မဟာမှူုး ဗိုလ်မှူး ကြီးဇော်ဂမ်က အခုလို ပြောပါတယ်။

"လွယ်ကျုံ တောင်ကြော အဲ့ဒီ့တောင်ကြောမှာ မနေ့ကတည်းက ၁၂၀ မမ မော်တာနဲ့ နှစ်နေရာကနေပြီးတော့မှ ပစ်နေတယ်။ အခု နေ့လည်ပိုင်း အထိ တောက်လျောက် ပစ်နေကြတယ်။ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲမျိုးကတော့ မရှိသေးဘူး။ သူတို့ လက်နက်ကြီးနဲ့ပဲ ပစ်နေတုန်းပဲ။ မနက် ၈နာရီလောက်ကတည်းက ပစ်နေတာ။ ပစ်လိုက် နားလိုက်ပေါ့ဗျာ။"

လွန်ခဲ့တဲ့ ၂ရက်ကစပြီး ဒီဒေသကို အစိုးရတပ်ဖက် စစ်အင်အားတွေ တိုးမြှင့်လာတယ် လို့လည်း ပြောပါတယ်။

"အင်အားထပ်ဖြည့်ထားတာ စုစုပေါင်း ဆိုလို့ရှိရင်တော့ တစ်ထောင်ကျော် ပတ်ဝန်းကျင်လောက် ရှိမယ်။ အခုလောလောဆယ် တပ်မ ၉၉ တပ်ရင်းတွေပါတယ်။ တမခ ၁၆ တပ်ရင်းတွေ ပါတယ်။ နောက်ပြီးတော့ ရမခ တပ်ရင်းတွေပါတယ်ပေါ့ဗျာ။ ၁၅ ရင်း၊ ရင်း ၂၀ ပတ်ဝန်းကျင်လောက် ရှိမယ်ခင်ဗျ ။ တချို့က တပ်ရင်း တရင်း စစ်ကြောင်း တကြောင်းလောက်ပါလာတာမျိုးလည်း ရှိတယ်။"

မုံးကိုးဒေသတွင်း တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၂၀၀လောက်ဟာ မုံးကိုး တဖက်ကမ်း တရုတ်နိုင်ငံဖက်ကခြမ်းက ရွာတွေဖက်ကို ထွက်ပြေး တိမ်းရှောင်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကချင်ပြည်နယ် ဗန်းမော်ခရိုင်မန်စီမြို့နယ် မုန်းဒိန်ပါရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လောလောဆယ်မှာတော့ အစိုးရတပ်နဲ့ KIA အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ လျော့ချနိုင်ဖို့ နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတာ မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

"မုံးကိုးဘက်ဖြစ်တယ်ဆိုတာတော့ ကြားရတယ်။ ဒါပေမဲ့ နှစ်ဖက် အပြန်အလှန် ညှိနှိုင်းတာတော့ အကြောင်းထူးတာတော့မရှိသေးဘူးဗျ အခုလောလောဆယ်မှာတော့။"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ် အတွင်းမှာလည်း အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အစိုးရဖက် လေကြောင်း အကူနဲ့ပါ တိုက်ခိုက်တယ်လို့လည်း ရှမ်းတပ်ဖွဲ့ဖက်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မှာလည်း လဲချားမြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက ပြောပါတယ်။

" လဲချားဘက်မှာ လဲချား၊ ဝမ်ရင်းကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲတွေဖြစ်တယ်လို့ ကြားသိရပါတယ်။ အသေးစိတ်တော့ မသိရသေးဘူးခင်ဗျ။ နေ့လည်ပိုင်း တစ်နာရီ နှစ်နာရီလောက်က တိုက်နေတုန်းလို့ပြောတယ်။ "

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာဌာန တာဝန်ခံ ဦးမြအေးကတော့ လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ကို ပိုမိုခက်ခဲစေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

"စာချုပ်ရဲ့ သဘောတရားကိုက တပြည်လုံး အပစ်အခတ်ရပ်စဲရေးလို့ ဆိုထားတာကိုးဗျာ။ နယ်မြေတွေမှာ ပစ်ခတ်သံတွေ ချုပ်ငြိမ်းသွားဖို့က အရေးကြီးတယ်လို့ ကျနော်ထင်တယ်ဗျ။ မြေပြင်အခြေအနေက ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ဆူညံနေပြီးမှ အပေါ်ကနေ စာချုပ် လက်မှတ်ရေးထိုးဖို့ အခြေအနေက ကျနော်ထင်တယ် မဖြစ်နိုင်ဘူးဗျ အဲ့တာကတော့။ လက်တွေ့လည်း မကျဘူး ကျနော်ထင်တယ်လေ။ အဲ့တော့ အောက်တိုဘာလ ပထမပတ်မှာ ကျင်းပမယ့် တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် ချုပ်ဆိုနိုင်ရေး အခြေအနေကတော့ ကျနော်ထင်တယ် အဲ့ဒီ့အခြေအနေရောက်ဖို့ ကျနော်တို့ ခက်ခဲသွားလိမ့်မယ်လို့ထင်တယ်"

တိုက်ပွဲတွေ ကျယ်ပြန့်လာရင် ရွေးကောက်ပွဲကို ထိခိုက်လာမယ့် အခြေအနေရှိကြောင်း ကိုလည်း ဦးမြအေးက ထောက်ပြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်ကို လာမယ့် အောက်တိုဘာလ ပထမပတ်မှာ လက်မှတ်ရေးထိုးဖို့ ရက် သတ်မှတ်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့အနက်က အစိုးရဖက်က ၁၅ဖွဲ့ကိုသာ လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားမှာဖြစ်ကြောင်း ထုတ်ပြန် ထားပါတယ်။ တိုင်းရင်းသားတွေဖက်က အဖွဲ့အားလုံး ပါဝင်ရေးကို တောင်းဆို ထားပြီးဘယ်သူတွေ ပါဝင် လက်မှတ်ရေးထိုးမလဲဆိုတာ အတိအကျ ထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG