သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florida ဇီကာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ဗဟိုအစိုးရ အကူအညီတောင်းခံ


Floridaမှာ ဇီကာဗိုင်းရပ်စ်တိုက်ဖျက်နေပုံ
Floridaမှာ ဇီကာဗိုင်းရပ်စ်တိုက်ဖျက်နေပုံ

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် လူနာ ၁၀ ယောက် ထပ်မံတွေ့ရှိခဲ့ရတဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် တောင်ဘက်စွန်းက စတုရန်း ၂ ကီလိုမီတာခွဲရှိတဲ့ အရပ်မှာ ရောဂါကူးစက်မှုကို တိုက်ဖျက်ဖို့အတွက် ပြည်နယ် တာဝန်ရှိသူတွေက ဗဟိုအစိုးရထံ အကူညီတောင်းခံထားပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ တွေ့ရှိခဲ့တဲ့ မိုင်ယာမီမြို့မြောက်ပိုင်း ဒေသကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခရီးမသွားကြဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန (CDC) က တနင်္လာနေ့မှာ သတိပေးခဲ့ပြီး နောက်မှာပဲ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott က ကာကွယ်ရေး အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်ခဲ့တာပါ။

သမ္မတ အိမ်ဖြူတော်ကတော့ အုပ်ချုပ်ရေးမှူးရဲ့ အကူအညီတောင်းခံမှုကို ဖြည့်ဆည်းပေးမယ့်အကြောင်း တနင်္လာနေ့ကပဲ ပြောဆိုခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းမှာ ဒေသခံအစိုးရရဲ့ ရောဂါတိုက်ဖျက်ရေးအဖွဲ့နဲ့ လက်တွဲလုပ်ဆောင်ဖို့ CDC က အဖွဲ့တဖွဲ့ အမြန်ဆုံး စေလွှတ်ထားတဲ့ အကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရသူ Eric Schultz က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ရောဂါကူးစက်မှု အသစ်တွေ အားလုံးဟာ ဒေသခံ ခြင်တွေကတဆင့် ကူးစက်ခံခဲ့ရတာ ဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးမှူး Scott ကပြောပါတယ်။ အခုနောက်ဆုံး အချိန်အထိ ဆိုရင်တော့ ရောဂါကူးစက်မှု စုစုပေါင်း ၁၄ ခု ရှိနေပြီး၊ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၂ ဦးတို့ ရောဂါ ကူးစက်ခံထားရတာပါ။ ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေကတော့ ဇီကာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ မိုင်ယာမီမြို့လယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ Miami-Dade ခရိုင်က စတုရန်း ၁ ကီလိုမီတာ အတွင်းမှာသာ ဖြစ်ပွားနေတယ် လို့လည်း ပြောဆိုထား တာပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ရောဂါကူးစက်မှု တိုက်ဖျက်ရေးမှာ အများပြည်သူအနေနဲ့ ကူညီနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ရေဝပ်တဲ့ နေရာတွေကို ရှင်းလင်းကြဖို့ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG