သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် နှိမ်နင်းရေး ပြင်သစ်တို့ သဘောကွဲ


ပြင်သစ် နိုင်ငံတဝှမ်း လုံခြုံရေးတိုးမြှင့်။
ပြင်သစ် နိုင်ငံတဝှမ်း လုံခြုံရေးတိုးမြှင့်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြင်သစ်နိုင်ငံမှာ အသက် ၈၆နှစ်အရွယ် ပြင်သစ်ခရစ်ယာန် ဘုန်းတော်ကြီးတပါးကို အစ္စလာမ်ဝါဒီ အကြမ်းဖက်သမားနှစ်ဦးက အကြမ်းဖက် သတ်ဖြတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက်သမားတွေ ကို ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နှင်းသွားမယ်လို့ ပြင်သစ်သမ္မတက သန္နိဋ္ဌာန် ချထားကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ပြင်သစ်သမ္မတရဲ့ ကတိအပေါ်မှာ ပြင်သစ်နိုင်ငံရေးသမားတွေကြားမှာ သံသယဝင်နေကြပြီး ပြင်သစ်နိုင်ငံရေးလောကမှာလည်း ကွဲပြားမှုတွေ ဖြစ်လာနိုင်တယ် လို့ သုံးသပ်ကြပါတယ်။ ဗွီအိုအေ သတင်းထောက်တွေ ပေးပို့တဲ့သတင်းပေးပို့ချက်တွေကို ဦးကျော်ဇံသာက စုစည်းတင်ပြထားပါတယ်။

အစွမ်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ခါတလဲလဲ ဖြစ်လာတဲ့ အတွက် လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေ မြင့်မား လာနေတဲ့ အချိန်မှာ ပြင်သစ်သမ္မတ Francois Hollande နဲ့ သူ့ဝန်ကြီးချုပ် Manuel Valls တို့ဟာ ဒီတိုက်ခိုက်မှုတွေ နောက်ထပ်မဖြစ်ရအောင် ဘယ်လိုနည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာ အတိအကျ ချမပြနိုင်အောင် ဖြစ်နေပါတယ်။ ဝန်ကြီးချုပ် Manuel Valls ဟာဆိုရင် ပြင်သစ်အမျိုးသားနေ့က ထရပ်ကားနဲ့ တိုက်သတ်လို့ လူအမြောက်အများသေဆုံးခဲ့ရပြီးတဲ့ ကိစ္စမှာ လူတွေက သူ့ကို အော်ဟစ်ရှုတ်ချတာ ခံခဲ့ရပါသေးတယ်။ ပြင်သစ်သမ္မတ Francois Hollande ကတော့ IS အကြမ်းဖက်သမားတွေက သူတို့ကို စစ်ကြေညာတိုက်ခိုက်လိုက်တာဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာရင်း တဘက်မှာ ဒီစစ်ပွဲကို နည်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတနဲ့ ပြင်သစ်ဝန်ကြီးချုပ်
ပြင်သစ်သမ္မတနဲ့ ပြင်သစ်ဝန်ကြီးချုပ်

သူ့မတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ Nicolas Sarkozy ကတော့ သမ္မတ Hollande ရဲ့ ပြောကြားချက်ကို ပယ်ချလိုက်ပြီး အဲ့ဒီ့တရားဥပဒေကို လေးစားပြနေတာနဲ့ပဲ အကြမ်းဖက်တုန့်ပြန်မှု တိုက်ခိုက်ရေးမှာ ရှေ့မတိုးနိုင်ဖြစ်နေရတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် Hudson Institute က ပြင်သစ်ရေးရာသုံးသပ်သူ Ben Haddad ကလည်း Nice မြို့မှာ ကားနဲ့တိုက်သတ်လို့ လူပေါင်း ၈၀ကျော်သေပြီးလို့ ရက်ပိုင်းအတွင်းမှာ အခုလို ထပ်မံတိုက်ခိုက်မှုဖြစ်တယ် ဆိုတာ ပြင်သစ်လုံခြုံရေးစနစ် ကျဆင်းနေမှုရဲ့နောက်ထပ်ဥပမာသစ်တရပ်ပဲလို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

" ပြင်သစ်မှာ အရေးပေါ်အခြေအနေ ထုတ်ထားဆဲဖြစ်ပါတယ်။ Nice တိုက်ခိုက်မှုအပြီး ထပ်မံပြီးတော့ ကြေညာခဲ့ပါတယ်။ ဆိုတော့ နိုဝင်ဘာလ ၁၃ရက် တိုက်ခိုက်မှုပြီးကတည်းက ဆိုရင် အရေးပေါ်အခြေအနေဟာ ၇လ ရှိခဲ့ပါပြီ။ Nice တိုက်ခိုက်မှုအပြီးမှာ သမ္မတက အရံတပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်တာဝန်ပေးခဲ့ပါတယ်။ လူသစ်တွေကိုလည်း လေ့ကျင့်ပေးနေပါတယ်။ ဆိုတော့ အကြမ်းဖက်မှု တန်ပြန်ရေးအတွက် ဒီအဖွဲ့တွေကို တရားဥပဒေနဲ့အခြေခံဥပဒေကို မထိခိုက်စေပဲ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို အပြန်အလှန်ဆွေးနွေး နေကြပါတယ်။ အခြေအတင်ဆွေးနွေးမှုတွေဟာ တနှစ်နီးပါးရှိလာခဲ့ပါပြီ။ စောင့်ကြည့် စာရင်းမှာ ပါဝင်သူတွေ၊ တိုက်ခိုက်မှုကျူးလွန်ဖူးသူတွေကို ဥပဒေဘောင်ထဲကနေ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို အဓိကထားပြီးတော့ ဆွေးနွေးငြင်းခုံနေကြပါတယ်။"

ပြင်သစ်နိုင်ငံ အတိုက်အခံအမတ်တွေက ဆိုရင် ပြင်သစ်နိုင်ငံ ခြိမ်းခြောက် ခံနေရတာကို တုန့်ပြန်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းဖို့က လွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလို့တောင် ပြောဆိုနေကြတာပါ။ တကယ်တော့ အကြမ်းဖက်မှုတုန့်ပြန်ရေး ကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံရေးအကွဲအပြဲတွေ ပိုဖြစ်လာနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အကြမ်းဖက်သမားတွေအပေါ် အစိုးရကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လူထုက မကျေနပ်မှုတွေ ပိုမိုကြီးထွားလာနေတာပါ။

တချိန်တည်းမှာပဲ ဒီအစိုးရကို အားကိုးမရဘူး။ အစိုးရ အသုံးမကျဘူးဆိုပြီးတော့ အထင်ရောက်လာတဲ့အတွက်ကြောင့် ပြည်ပက ပြောင်းရွှေ့ဝင်ရောက်လာသူတွေကို ပြင်သစ်လူအုပ်စုတွေက သွားရောက်လက်စားခြေတိုက်ခိုက်ကြမှာကိုလည်း အစိုးရက အထူးစိုးရိမ်နေပါတယ်။

ပြင်သစ်သမ္မတရဲ့ အကြံပေးတဦးကဆိုရင် သူတို့ဟာ အကြမ်းဖက် တိုက်ခိုက်မှုနှိမ်နှင်းရေးနဲ့ ပြင်သစ်နိုင်ငံလူထုရဲ့အက်ကွဲမှု မဖြစ်စေရေး နှစ်ခုစလုံးကို တပြိုင်နက်တည်း ဦးစားပေးနေကြတယ်လို့ ဆိုပါတယ်။ အဓိက စိုးရိမ်ရတာကတော့ လူ့အသိုင်းအဝိုင်းအလိုက် ပဋိပက္ခတွေ ဖြစ်ပွားလာမှာကိုပဲ စိုးရိမ်တာပဲဖြစ်တယ်လို့ သူက ဗွီအိုအေကိုပြောခဲ့ပါတယ်။

"ပြင်သစ်နိုင်ငံ စည်းလုံးရေးအတွက် တတ်နိုင်သမျှ ကျနော်တို့ လုပ်ရမှာပါ။ ကျနော်တို့ဟာ IS အကြမ်းဖက်သမားတွေ ဖြစ်စေချင်တဲ့အတိုင်း လုပ်ကြမှာလား။ သူတို့ဖြစ်စေချင်သလို ဒီမိုကရေစီ တရားဥပဒေစိုးမိုးရေးနဲ့ ကျနော်တို့ရဲ့ တန်ဖိုးထားမှုတွေကို ဖောက်ဖျက်ချိုးနှိမ်ကြမလား။ ဒီလိုဆိုရင်တော့ အစ္စလာမ်ဝါဒီအကြမ်းဖက်သမားတွေရဲ့အောင်ပွဲဖြစ်သွားပါလိမ့်မယ်။ သူတို့လိုချင်နေတာက မူဆလင်တွေကို ဘာသာခြားတွေက တိုက်ခိုက်နေတယ်။ ဘာသာရေးစစ်ပွဲဖြစ်နေပြီ။ မူဆလင်လူငယ်တွေ ငါတို့နဲ့ပူးပေါင်းကြ ဆိုတာမျိုး လုပ်ချင်နေတာပါ။ "

ပြင်သစ်အပါအဝင် ဥရောပတလွှားအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ IS အကြမ်းဖက်အဖွဲ့နဲ့ ဆီးရီးယားပြည်တွင်းစစ် စတင်ပြီး ပြီးခဲ့တဲ့နှစ်နှစ်အချိန်အတွင်းမှာ သိသိသာသာတိုးတက်လာတာဖြစ်ပါတယ်။ ပြင်သစ်လုံခြုံရေးအဖွဲ့တွေကတော့ ဒီအကြမ်းဖက်မှုတွေ ဒီအကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းလိုသူတွေကို စောင့်ကြည့်ပြီးတော့ တတ်နိုင်သလောက် ထိန်းသိမ်းဖို့ ကြိုးစားနေကြတယ်လို့ဆိုကြကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG