သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးမြထွန်းဦး နောက်ကြောင်း


ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဗိုလ်ချုပ်ကြီး မြထွန်းဦး။
ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဗိုလ်ချုပ်ကြီး မြထွန်းဦး။

မြန်မာ့တပ်မတော်မှာ ထိပ်ပိုင်း အဆင့်(၃)နေရာဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးနေရာမှာ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးကို တိုးမြှင့် ခန့်အပ်လိုက်ပြီး အခြား ဒုဗိုလ်ချုပ်ကြီး ရာထူးနှစ်နေရာအပြင် တိုင်းမှူးအဆင့် ရာထူးတွေကိုလည်း မနေ့က တိုးမြှင့်ပေးလိုက်ပါတယ်။ အခုလိုတပ်မတော်အတွင်း အရေးပါတဲ့ အဆင့်မြင့်ရာထူးတွေကို ခန့်အပ်ရာမှာ နိုင်ငံတကာစံချိန်နဲ့မညီတဲ့အပြင် ဘယ်သူတွေက ရွေးချယ် ခန့်အပ်နေသလဲ ဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေ တယ်လို့ မြန်မာ့စစ်ရေး လေ့လာသူ တချို့က ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

တပ်မတော်ရဲ့ ထိပ်ပိုင်းနံပါတ်(၃) အဆင့်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ပတ်သက်လို့ မြန်မာ့စစ်ရေးလေ့လာနေသူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က အခုလို ပြောပါတယ်။

" အရင်တုန်းက ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ စစ်ဘက်ရေးရာ ထောက် လှမ်းရေးပေါ့လေ အကြီးအကဲပါခင်ဗျ။ သူ အဲ့ဒီ့ကနေပြီးတော့မှ ညှိနှိုင်း ကွပ်ကဲရေးမှူးဆိုတာက အဲ့ဒီ့ရာထူးတွေထက် မြင့်တဲ့ ရာထူးပါ။ အဆင့် အနေနဲ့ပြောရရင် ဗိုလ်ချုပ်ကြီး ရာထူးဖြစ်ပါတယ်။ ယခင်တုန်းက ဒုတိယဗိုလ်ချုပ်ကြီး ကနေပြီးတော့မှ ဗိုလ်ချုပ်ကြီးရာထူးကို တိုးမြှင့်ပေးတဲ့သဘောရှိပါတယ်။"

ဒါအပြင် ဗိုလ်ချုပ်ကြီး မြထွန်းဦးအနေနဲ့ တပ်တွင်းရာထူးတိုးခံရတာ မြန်ဆန်ခဲ့သလို သူဟာ နောက်ငါးနှစ်အကြာမှာ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာမယ့်သူလို့ လျာထားခံရသူအဖြစ် သုံးသပ်မှုတွေရှိနေကြောင်းလည်း ဦးအောင်လင်းထွဋ်က ဆိုပါတယ်။

" ကျနော် ၂၀၀၅ ခုနှစ်ပေါ့လေ သံရုံးက မထွက်ခွာခင်မှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဟာ စစ်ဦးစီးမှူး ပထမတန်းပေါ့လေ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ စရဖ လို့ခေါ်တဲ့ တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းခဲ့တယ်။ အဲ့ဒီ့အချိန် အဲ့ဒီ့အခါတုန်း ကတော့ ကျနော်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီးတော့မှ လုပ်ကိုင်ခဲ့ တာလေးတွေ ကျနော်တို့ ရှိခဲ့ပါတယ်။ အဲ့ဒီ့အချိန်တုန်းက ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကျနော့် အထင်ပြော ရရင်တော့ နိုင်ငံခြားထောက်လှမ်းရေး ဌာနမှာ စစ်ဦးစီးပထမတန်း တာဝန်ယူတယ်လို့ ကျနော်သိရပါတယ်ခင်ဗျ။ သူက တပ်မတော်မှာတော့ တိုက်ပွဲတွေနဲ့ ထက်ထက်မြက်မြက်နဲ့ အတွေ့အကြုံရှိခဲ့တဲ့ ပုဂ္ဂိုလ်တော့ မဟုတ်ခဲ့ပါဘူး။ သို့သော် သူသည် ဗိုလ်ချုပ်ကြီးမောင်အေးတို့၊ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ ခေတ်က လူငယ်တွေ ဖြစ်တဲ့အချိန်အခါမှာ သူက ရုပ်ရေရူပကာ အရလည်း အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ရိုရိုကျိုးကျိုးနဲ့ မွန်မွန်ရည်ရည်ရှိတဲ့ အရာရှိကောင်းတယောက်ပါ။ အဲ့တော့ လူကြီးတွေ မျက်စေ့ကျတာလည်း ပါပါတယ်။ အဲ့တော့ အဲ့ဒီ့နောက်ပိုင်းမှာတော့ စရဖ စစ်ဦးစီး ပထမတန်းကတဆင့်ပေါ့လေ အဆင့်ဆင့်တက်သွားလိုက်တာ ဆယ်နှစ်အတွင်းမှာ ရာထူးလေးငါးခုလောက် တက်သွားတဲ့အနေအထားမျိုးမှာ ရှိပါတယ်။ အခုလက်ရှိ အခြေအနေမှာ ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း သူ့ရဲ့အသက်က ၅၅နှစ်ပဲ ရှိပါသေးတယ်။ နောင် ၂၀၂၀မှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပြီးရင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ့်သူဟာ သူလို့ ပြောလို့ရမယ့်အနေအထားမျိုးကို ရှိလာတဲ့အနေအထားမျိုး ဖြစ်ပါတယ် ခင်ဗျ။ "

အခုလို တပ်မတော်အတွင်း အရေးပါတဲ့ ရာထူးနေရာတွေကို ဘယ်သူတွေက ရွေးချယ် ခန့်အပ်နေသလဲ ဆိုတာကိုတော့ မေးခွန်း ထုတ်စရာဖြစ်နေကြောင်း သူက အခုလိုပြောပါတယ်။

" ဘယ်သူကမှ အတိအကျပြောလို့မရတာက အခုလို တပ်မတော်ရဲ့အဆင့်မြင့်တဲ့ ဗိုလ်ချုပ်ကြီးတွေ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်ကို ဘယ်သူခန့်လဲ ဆိုတဲ့ဥစ္စာက မေးစရာမေးခွန်းပါခင်ဗျ။ အခုထက်ထိ ဘယ်သူမှ အဖြေထွက်လို့ မရတဲ့ မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့တော့ ကျနော်တို့တိုင်းပြည်က အများကြီးကွာပါတယ်။ အခုအချိန်အထိလည်း တပ်မတော်က နိုင်ငံရေးထဲမှာ တစိတ်တပိုင်းပါပြီးတော့မှ စစ်အာဏာရှင် တစိတ်တပိုင်း ရှိနေတုန်းပါပဲ။ နိုင်ငံတကာ စံနှုန်းမှာတော့ ဘယ်နိုင်ငံမှာပဲကြည့်ကြည့် ကာကွယ်ရေးဦးစီးချုပ်တို့ ကျန်တဲ့ တပ်မတော်အကြီးအကဲတွေ အားလုံးက အရပ်သား ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရတွေကသာ လျာထားပြီးတော့ သက်ဆိုင်ရာ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့မှ ခန့်ထားတာရှိပါတယ်။"

တပ်တွင်း ရာထူးအသစ်တွေ တိုးမြှင့်ခန့်အပ်ခံရသူတွေကိုကြည့်မယ်ဆိုရင် တပ်မတော်ဟာ သူရဲ့အဖွဲ့အစည်းပိုပြီးခိုင်မာအောင် အဆင့်ဆင့် တည်ဆောက်နေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

"တပ်မတော်အနေနဲ့ သူ့ရဲ့Institution ကိုပိုပြီးတော့ ခိုင်မာအောင် အဆင့်ဆင့်ပေါ့လေ ရာထူးနေရာကို ဆက်ခံတဲ့ပုံစံမျိုး ပြောင်းလဲ တည်ဆောက်လာတဲ့ အပိုင်းတော့ ရှိတယ်လို့ မြင်တယ်။ တပ်မတော်အနေနဲ့ ဒီအမိန့်နာခံတယ်ဆိုတဲ့နေရာမှာလည်းပဲ တရားဥပဒေနဲ့ ညီညွတ်တဲ့ အမိန့်နာခံမှုမျိုး ဖြစ်ဖို့အတွက်ကို ဦးတည်ပြီးတော့ တည်ဆောက်သင့်တယ်လို့ ကျနော်မြင်တယ်။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒုဗိုလ်ချုပ်ကြီး အေးဝင်းနဲ့ အောင်လင်းဒွေး တို့ကို တပ်မတော် ဆေးရေးအရာရှိချုပ်နဲ့ စစ်ဥပဒေချုပ်အဖြစ် တိုးမြှင့်ခံအပ်ခဲ့ပြီး ဗိုလ်ချုပ်ဝင်းသိန်းကို တပ်ထိန်းချုပ်နဲ့ တိုင်းမှူးငါးဦးနေရာမှာ လူသစ်တွေကို ခန့်အပ်ကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG