သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက်


(ဓာတ်ပုံ - http://www.worldbank.org/)
(ဓာတ်ပုံ - http://www.worldbank.org/)
ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးအတွက် ကောင်းမွန်တဲ့ ဝန်းကျင်ဖန်တီးမှု အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ၁၈၂ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ တိုးတက်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၁၁ ကြိမ်မြောက်ထုတ်ပြန်တဲ့ Doing Business စီးပွားရေးလုပ်ခြင်း ဆိုတဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်နိုင်ဖို့ စည်းကမ်း သတ်မှတ်ချက် အခြေအနေတွေကို ပထမဆုံးအကြိမ် ဖော်ပြထားပါတယ်။ စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်ပိုင်း တိုးတက်လာစေဖို့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပြုပြင်ပြောင်းလဲမှုတွေ၊ အားထုတ်မှုတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မန်နေဂျာ Kanthan Shankar က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ထူထောင်ဖို့၊ တိုးတက်ဖို့အတွက် အစိုးရက ချုပ်ကိုင်ထားတာတွေကို ဖယ်ရှားပြီး စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်သာတဲ့ ဝန်းကျင်မျိုးတွေ ပိုပြီး ဖန်တီးနိုင်တယ်လို့လည်း သူက အကြံပြုပါတယ်။

စီးပွားရေးလုပ်ဖို့ကောင်းတဲ့ အခြေအနေမျိုး ရှိတယ်ဆိုရင် စွန့်ဦးတီထွင်သူတွေ ရင်းနှီးမြှုပ်နှံသူတွေဘက်က မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း IFC ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Charles Schneider က အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ စတင်နိုင်၊ လည်ပတ်နိုင်တဲ့ အခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေ၊ အခွန်ဆောင်တဲ့ အခြေအနေနဲ့ ဒေဝါလီခံတဲ့ အခြေအနေတွေကို အချက်အလက်တွေ စုဆောင်းပြီး ကမ္ဘာ့ဘဏ်နဲ့ IFC တို့က Doing Business အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ Pacific ဒေသထဲမှာရှိတဲ့ ၂၅ နိုင်ငံထဲက ၁၅ နိုင်ငံဟာ စီးပွားရေးလုပ်တဲ့နေရာမှာ ပိုပြီး လွယ်ကူနိုင်တဲ့ စည်းကမ်း သတ်မှတ်ချက် အနည်းဆုံး ၁ ခုကို ပြီးခဲ့တဲ့ နှစ်ထဲမှာ အကောင်အထည် ဖော်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက် ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်နိုင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် စင်္ကာပူနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့က ရွေးချယ်ပါတယ်။
XS
SM
MD
LG