သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကိုင်ဖုန်း နဲ့ ကျန်းမာရေးအန္တရာယ်


မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်း အသုံးများလာချိန်မှာ ရေရှည်မှာ ဖြစ်စေနိုင်တဲ့ ဦးနှောက်ကင်ဆာနဲ့ အခြားအန္တရာယ်တွေကို သတိထားဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ အခုလို ဒီ ကျန်းမာရေး အန္တရာယ်တွေ ရှိလာရတာက လက်ကိုင်ဖုန်းကနေ ထုတ်လွှင့်တဲ့ လျှပ်စစ်ရေဒီယို သံလိုက်လှိုင်းတွေကတဆင့် ထိခိုက်လာနိုင်မှုကြောင့်ပါ။ လက်ကိုင်ဖုန်း အကြာကြီးပြောတာ၊ ခန္ဓာကိုယ်နဲ့ အမြဲကပ်ထားတာကြောင့် ဒီဓါတ်လှိုင်းတွေကို ခန္တာကိုယ်က ခံနိုင်တဲ့ အနေအထား ကျော်သွားပြီး ဦးနှောက်၊ မျက်လုံးနဲ့ အခြားအစိတ်အပိုင်းတွေကို ရေရှည်မှာ ထိခိုက်စေနိုင်တာပါ။ နုနယ်သေးတဲ့ ကလေးတွေမှာလည်း လက်ကိုင်ဖုန်း ထိတွေ့တာများရင် ဒီအန္တရာယ်တွေ ပိုရှိတာအပြင်၊ စိတ်မတည်မငြိမ်တဲ့ရောဂါကို ဖြစ်စေဖို့ အန္တရာယ် ပိုများသွားပါတယ်။ နှလုံးထိန်းစက် (Pacemaker) တပ်ထားသူတွေမှာလည်း လက်ကိုင်ဖုန်းလှိုင်းဒဏ်ကြောင့် နှလုံးကို ပိုထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် လက်ကိုင်ဖုန်း ကြာရှည်ပြောသူတွေမှာ မှတ်ဉာဏ်ထိခိုက်နိုင်တာကို လေ့လာချက်တချို့မှာ တွေ့ရှိထားပြီး၊ အချို့လူတွေမှာ အရေပြားပူသလို၊ ထုံသလိုခံစားရတာ၊ မောပန်းတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် မအီမသာ ဖြစ်တာနဲ့ လက်ကိုင်ဖုန်း အနားထားအိပ်ရင် အိပ်ရေးပျက်တာတွေ ဖြစ်နေကြောင်း တွေ့ရှိထားပါတယ်။

အခုလို အန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ လက်ကိုင်ဖုန်းကို ကြာရှည်မပြောတာ (တစ်ကြိမ်လျှင် မိနစ် ၃၀ ထက် မပြောတာ)၊ ညအိပ်ချိန်မှာ လက်ကိုင်ဖုန်း ပိတ်ထားတာနဲ့ ခေါင်းအုံးအောက်ထား မအိပ်တာတွေ လုပ်ပေးဖို့အပြင်၊ ဖြစ်နိုင်လျှင် လက်ကိုင်ဖုန်းကို နားနဲ့ကပ်မပြောဘဲ နားကြပ်တပ်ပြောတာ၊ Speaker ဖွင့်ပြီး နားနဲ့ မထိဘဲပြောတာ၊ Text message ပို့တာ ပိုသုံးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခါးမှာချိတ်တာ အပါအဝင် ခန္ဓာကိုယ်နဲ့ အမြဲထိကပ် မထားသင့်ပါဘူး။

အစိုးရနဲ့ ဖုန်းကုမ္ပဏီတွေဘက်ကလဲ လက်ကိုင်ဖုန်းကနေ လူ့ခန္ဓာကိုယ်က ခံနိုင်တဲ့ လျှပ်စစ်ရေဒီယို သံလိုက်လှိုင်း ပမာဏထက် ပိုမထွက်စေအောင် ဥပဒေထုတ်၊ ကြပ်မတ်စစ်ဆေးပေးသင့်ပါတယ်။ လက်တွေ့လတ်တလောမှာလဲ ကားမောင်းရင်း လက်ကိုင်ဖုန်းပြောတာကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်နေတာမို့ နိုင်ငံများစွာမှာ ကားမောင်းရင်း လက်ကိုင်ဖုန်း ကိုင်မပြောဖို့ စည်းကမ်းထုတ်၊ ကြပ်မတ်နေပါပြီ။ ဓာတ်ဆီဆိုင်ထဲမှာလဲ လက်ကိုင်ဖုန်း မပြောသင့်ပါဘူး။

ဒီရောဂါဆိုင်ရာအကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG