သုံးရလွယ်ကူစေသည့် Link များ

ဒီမိုကရေစီ ညီလာခံမှာ ဝန်ကြီး ကလင်တန် မြန်မာကို ဝေဖန်


လူသားချင်း စာနာကူညီနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အဲဒီ လူသားစိတ်ဓာတ်တွေကို ဖိနှိပ် ချိုးနှိမ်ထားတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန် (Hillary Clinton) က ဝေဖန်လိုက်ပါတယ်။ လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေ လုပ်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်တခု ဖြစ်တယ်လို့ မစ်စ် ကလင်တန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တရပ်အတွက် နိုင်ငံရေးနဲ့ ဈေးကွက်လွတ်လပ်မှု အရေးပါသလို လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို မေ့လို့မရဘူးလို့ ပိုလန်နိုင်ငံမှာ လုပ်တဲ့ နိုင်ငံတကာ ဒီမိုကရေစီဖိုရမ်မှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောခဲ့တာပါ။ ကမ္ဘာ့ ဒီမိုကရေစီ အသိုင်းအဝိုင်း Community of Democracies ဆိုတဲ့ ပိုလန်အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီရေးဆိုင်ရာ အဖွဲ့အစည်းက ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အရေးကို အဓိက ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံ အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ လူထုအခြေပြု အဖွဲ့အစည်းတွေအပေါ် သက်ရောက်မှု ရှိနေတဲ့ အနှောင့်အတားတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ကမ္ဘာ့နေရာ အတော်များများမှာ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေကို လုပ်ကိုင်နေကြသူတွေဟာ ခြိမ်းခြောက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ တချို့နေရာတွေမှာ အသတ်ခံရတာတွေတောင် ရှိတယ်လို့ ပြောသွားပါတယ်။

“တချို့ဟာ အုပ်ချုပ်မှု အပြောင်းအလဲလုပ်ဖို့ ကြိုးစားသူတွေ မဟုတ်ပါဘူး။ အများစုဟာ ပြည်သူလူထု လိုအပ်ချက်တွေကို ကူညီဖို့ သက်သက်ပါပဲ။ ဥပမာ မြန်မာနိုင်ငံမှာ နာဂစ် ဆိုင်ကလုံးမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တဲ့ မြန်မာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ထောင်ချခံရတာမျိုးပါ။ တချို့ကတော့ အစိုးရကိုယ်တိုင်က တိုက်ဖျက်ရမယ် ပြောနေတဲ့ အဂတိ လိုက်စားမှုတွေလို ပြဿနာတွေကို ဖော်ထုတ်ပြရုံပါပဲ။”

အခု ဒီဆွေးနွေးပွဲကြီး တခုလုံးကို မြန်မာနိုင်ငံက လူထုအခြေပြု အဖွဲ့တွေက တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ပါတယ်။ Burma Campaign UK က ဇိုရာဖန်းလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

“High Level Democracy Meeting တဲ့၊ ဒီမိုကရေစီကို တိုးချဲ့နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေပေါ့၊ Civil Society လည်း လိုအပ်တယ်၊ New Technology လည်း လိုအပ်တယ်၊ The Respect of Human Rights တွေလည်း လိုအပ်တယ်၊ အမျိုးမျိုးပေါ့။ အဲဒါကြောင့် သူတို့ အကုန်လုံး ဆွေးနွေးကြတယ်။”

အခု ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကိစ္စကိုလည်း ပြောဆိုခဲ့ကြပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်က ဝါဆောမြို့မှာ လုပ်တဲ့ အလားတူ နိုင်ငံတကာ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းသဝဏ်လွှာ ပို့နိုင်ပေမဲ့ အခုတကြိမ်မှာတော့ ၁၀ နှစ်တာ ကျော်သွားတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံ အခြေအနေလည်း ဘာမှ မထူးခြားသေးတာကို ပိုလန် နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့တယ်လို့ ဇိုရာဖန်းက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစိုးရက မကြာခင် ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတာကြောင့် တစုံတရာ အပြောင်းအလဲ ရှိလာမလားလို့ ဆွေးနွေးပွဲအတွင်း မျှော်လင့်ခဲ့ကြသူတွေကိုလည်း တွေ့ရတယ်လို့ ဇိုရာဖန်းက ပြောပြပါတယ်။ ဒါပေမဲ့ သူ့ဘက်ကတော့ ဒါကို သဘောမတူပါဘူး။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း အမြဲတမ်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်ထဲမှာပဲ ရှိနေသေးတယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်လည်း သူတို့ အခုထက်ထိ မလွှတ်သေးပါဘူး။ အဲဒါကြောင့် ကျမအမြင်မှာတော့ မြန်မာပြည် အခြေအနေ ပြောင်းလဲနေတယ်ဆိုတာ မဟုတ်သေးဘူး။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံ ဒေါက်တိုင်တွေကို အုပ်ချုပ်မှု ဈေးကွက်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို စံနှုန်းထား ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲတရပ် ရှိရုံနဲ့ ဒီမိုကရေစီစနစ်လို့ မဆိုနိုင်ဘူးလို့ အခု ဒီဆွေးနွေးပွဲမှာပဲ ပြောခဲ့ပါတယ်။

“တချို့တိုင်းပြည်တွေဟာ ရွေးကောက်ပွဲ လုပ်ပေးတာကို အကြောင်းပြပြီး ဒီမိုကရေစီ ရှိနေပြီဆိုတဲ့ ပုံစံမျိုး လုပ်နေကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲထက် ပိုပါတယ်။ အစိုးရတွေ၊ နိုင်ငံသားတွေ အနေနဲ့ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ နိစ္စဓူ၀ ရှင်သန်နေထိုင်နိုင်ပြီး အစိုးရ အုပ်ချုပ်မှုရဲ့ တာဝန်ဝတ္တရားတွေကိုလည်း လက်ခံဖို့ လိုပါတယ်။ ပြည်သူတွေ ကြောက်ရွံ့စေတာမျိုးဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။”

ဒီဆွေးနွေးပွဲကို ဇူလိုင် ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ပိုလန်မှာ ကျင်းပခဲ့တာပါ။ ဒီမိုကရေစီ နိုင်ငံတွေနဲ့ အခြား ဒီမိုကရေစီ ပေါ်ထွန်းစ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အဆင့်မြင့် အာဏာပိုင်တွေ တက်ရောက်ပြီး သီးခြားဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်တရပ်အတွက် လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းလာရေး ကိစ္စကို ဆွေးနွေးခဲ့ကြသလို ဒီအတွက် ဒီမိုကရေစီ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ကူညီနိုင်မယ့် အခြေအနေတွေကိုလည်း ဝိုင်းဝန်း စဉ်းစားခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ဒီအတွက် တဦးတည်း ဆောင်ရွက်မှာ မဟုတ်ဘဲ အခြား ကုလသမဂ္ဂ အသင်းအဖွဲ့တွေ၊ ဒေသတွင်းဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေနဲ့ အခြား စိတ်တူကိုယ်တူ နိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောခဲ့ပါတယ်။ အကျပ်အတည်း ကြုံနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ကူညီနိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒေါ်လာ ၂,၀၀၀,၀၀၀ မတည်ပြီး ရန်ပုံငွေတရပ် ထားကြောင်းလည်း ဒီဆွေးနွေးပွဲမှာပဲ မစ်စ် ကလင်တန်က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG