သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် စက်ယန္တယားများ စစ်ဆေးမှု စတင်


ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်း တူးဖော်ရေး၊ ကျောက်စိမ်း တူးဖော်တဲ့ ယာဉ်၊ ယန္တယားတွေ စာရင်းကို ဝင်ရောက် စစ်ဆေးရာမှာ အစီးရေ ၁ သောင်းကျော် ကို စစ်ဆေးနိုင်ခဲ့ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီ စီးရေ ၁သောင်းကျော် မှာ ကျောက် တူးဖော်ရေးယာဉ် ယန္တရားတွေအပြင် လုပ်ငန်းသုံး ယာဉ်ငယ်တွေပါ ပါဝင်နေပြီး ဒေသခံ လေ့လာသူတွေကတော့ တူးဖော်ရေးယာဉ်၊ ယန္တယား ချည်း သက်သက်တင် ၁သောင်းခွဲလောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တချိန်တည်းမှာတော့ ယာဉ်တိုက်မှုနဲ့ မြေပြို တာကြောင့် သေဆုံးတာတွေ ရှိနေတဲ့ ဖားကန့်ဒေသက အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ် ပွင့်လင်းရာသီ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ စတင်ချိန်မှာ တရုတ်နိုင်ငံဘက်ကနေ မြေသယ်ကားတွေ၊ တူးဖော်ရေးယန္တယားတွေ အလုံးအရင်းနဲ့ တင်သွင်းလာပြီး အလွန်အကျွံ တူးဖော်တာနဲ့ မြေစာပုံပြိုကျ တာကြောင့် လူတွေ ရာနဲ့ချီသေဆုံးခဲ့တဲ့နောက် ဖားကန့်ဒေသကို စုံစမ်း စစ်ဆေးတာတွေ စတင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး စစ်ဆေးတာကိုတော့ ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့ထိကြာမြင့်ခဲ့ပြီး ယာဉ်အစီးပေါင်း ၁သောင်းကျော်စစ်ဆေးနိုင်ခဲ့တယ်လို့ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုးက ပြောပါတယ်။

“စစ်ဆေးတဲ့ အရေအတွက်ပဲ ကျနော်တို့သိတာပေါ့နော်။အဖွဲ့ ၅ ဖွဲ့နဲ့ စစ်တာပေါ့နော်။ တစ်သောင်းနဲ့ ၂၀၀ ကျော်ပေါ့နော်။ စစ်တဲ့ ယာဉ် အရေအတွက်ပဲ သိတာပေါ့နော်။ တရားဝင်လား၊ မဝင်လား ဆိုတာတော့ ကျနော် မပြောနိုင်ဘူး။”

ဒီလို စစ်ဆေးတာကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဦးဆောင်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်၊ သတ္တုတွင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန စတဲ့ ပြည်ထောင်စုအဆင့် အရာရှိ အယောက် ၂၀ ကျော် လိုက်ပါ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ကန်ပိုက်တီး နယ်စပ်က ယာဉ်၊ ယန္တယား အစီး ၈၈၀ တင်သွင်းခွင့်ပြုခဲ့ကြောင်းနဲ့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် က ၂၀၁၅ နိုဝင်ဘာလကုန် အထိ ဖားကန့်ဒေသ မှာ အသုံးပြုနေတဲ့ စက်ယန္တယား အရေအတွက်ဟာ ဘက်ဟိုးယာဉ် ၁၈၇၂ စီး၊ မြေသယ်ယာဉ် ၃၃၂၇ စီးရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ အခြေအနေ ကို လေ့လာစောင့်ကြည့်နေတဲ့ အလွတ်သတင်းထောက် ကိုဇော်မိုးထက်ကတော့ စစ်ဆေးတဲ့ ယာဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့နဲ့ တူးဖော်ရေး ယာဉ်၊ ယန္တယားချည်း သပ်သပ်တင် ၁ သောင်းခွဲလောက် ရှိနိုင်ကြောင်း ထောက်ပြပါတယ်။

“ဘယ်လိုယာဉ် အမျိုးအစားတွေလဲပေါ့ဗျာ။ ဘက်ဟိုး အစီး ဘယ်လောက်တွေ့တယ်၊ မြေစာသယ်ကား အစီးရေ ဘယ်လောက်တွေ့တယ်ပေါ့ဗျာ၊ လိုင်စင်မရှိသေးတဲ့ ယာဉ်ကို စစ်တာလား။ ကုမ္ပဏီတွေမှာ သက်မှတ် ယန္တရားထက်ပိုတူးတဲ့ ယာဉ်တွေကို စစ်တာလားပေါ့နော်၊ ဒါမျိုးတွေ ကျနော်တို့ သိခွင့်မရှိဘူးဗျ။ ကျနော်တို့လေ့လာထားတဲ့ စာရင်းတွေအနေနဲ့ဆိုရင် target area လုံးမှာရှိတဲ့ ယန္တယားအားလုံးပေါ့နော်၊ ၂ သောင်းမရှိရင်တောင်မှာ ၁ သောင်းခွဲကျော်ကျော် မအောက်ဘူးဗျာ။”

ဖားကန့်ဒေသမှာ စက်ယန္တယားကြီးတွေ အသုံးပြုပြီး ကျောက်စိမ်းတွေကို အလွန်အကျွံ တူးဖော်လာတဲ့နောက် မြေသယ်ယာဉ်တွေနဲ့ မတော်တဆ တိုက်မိတာကြောင့် လူသေတာတွေနဲ့ စွန့်ပစ်မြေစာပုံပြိုကျတာတွေဟာ မကြာခနဖြစ်ပျက်ခဲ့ပါတယ်။

ဒီလ ၂၅ ရက်နေ့မှာတင် ယာဉ်တိုက်မှုကြောင့် လူ ၂ ယောက်သေဆုံးခဲ့ သလို မြေပြိုတာကြောင့်လည်း လူ ဆယ်ဂဏန်းလောက် ပျောက်ဆုံးနေတယ်လို့ ကိုဇော်မိုးထက်က ဆက်ပြောပါတယ်။

“မနေ့က ဖားကန့်မှာ ဖြစ်စဉ် ၂ ခုဖြစ်ပါတယ်။ ဝေခါ မှာကျတော့ မြန်မာ တကောင်း ကုမ္ပဏီက မြေစာသယ်ကားက ရေမဆေး လာရှာတဲ့ ကောင်လေး ၂ယောက်စီးတဲ့ ဆိုင်ကယ်ကို တိုက်ပြီးတော့ ၂ ယောက်လုံး ပိပြီးသေသွားတယ်။ အဲဒါက ၂ နာရီခွဲလောက်က ဖြစ်တာပေါ့နော်။ မနေ့ကပဲ ၃ နာရီခွဲ ပတ်ဝန်းကျင် လောက် က မြေစာပုံ ၂ ခုပြိုတယ်။ ပြိုတဲ့အခါမှာ ဘာမှ ကယ်ဆယ်ရေး လုပ်ငန်း တွေ လာလုပ်တာ မရှိဘူး။ ကျနော်တို့ ဒီက လူတွေက ဘာလုပ်သလဲဆိုတော့ ဘယ်သူ့အိမ်က ဘယ်နှစ်ယောက်ပါသွားသလဲ ဆိုတာကို ရေမဆေး ရှာဖွေတဲ့ ပျောက်တဲ့လူ စာရင်းပြုစုထားတော့ ၅၀ ပတ်ဝန်းကျင် ရှိသွားပြီ ခင်ဗျ။”

ဖားကန့်မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ မြေစာပြိုကျရာမှာ တူးဖော်ရှင်းလင်း နေကြောင်းနဲ့ အသေအပျောက်စာရင်း မရသေးကြောင်း ပြော ပါတယ်။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းက မြေစာပုံပြိုကျတာကြောင့် လူ ၁၅၀ ကျော်လောက် ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပြီး တူးဖော် ရှင်းလင်းရာမှာတော့ သေဆုံးသူ ရုပ်အလောင်း ၁၁၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG