သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသစ် ရွေးကောက်ပွဲစည်းမျဉ်း ဖောက်ဖျက်၊ HRW ဝေဖန်


မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ဖွဲ့စည်းထားတဲ့ လူမှုရေး အသင်းကြီးကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာစစ်တပ် ခေါင်းဆောင်တွေပဲ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီနဲ့ ပူးပေါင်းလိုက်တာဟာ ရွေးကောက်ပွဲမှာ စစ်တပ်ကပဲ ကြီးစိုးထားမယ် ဆိုတာကို ပြသနေတယ်လို့ နယူးယောက်ခ် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ရှုတ်ချလိုက်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲ အပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်လက်ခံမှုကိုလည်း ထိခိုက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် တခြား စစ်တပ်အကြီးအကဲ ၂၆ ဦးတို့ဟာ စစ်ရာထူးတွေကို စွန့်လွှတ်ပြီး တခြားဝန်ကြီးတွေနဲ့အတူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ထူထောင်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းကို လွန်ခဲ့တဲ့ ၂ ပတ်၊ ဇူလိုင်လ ၆ ရက်က ဖျက်သိမ်းလိုက်ပြီးတော့ အသင်းကြီးရဲ့ ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်ရာရုံးတွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို လွှဲပြောင်းဖို့ စီစဉ်ခဲ့တာကလည်း ရွေးကောက်ပွဲ ဖြစ်စဉ်ကို ပြောင်းပြောင်းတင်းတင်း အနှောင့်အယှက် ပေးလိုက်တာပဲလို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

အခုလို အစိုးရပိုင် ပစ္စည်းဥစ္စာနဲ့ ရန်ပုံငွေတွေကို နိုင်ငံရေးပါတီကို လွှဲပြောင်းပေးလိုက်တာဟာ စစ်အစိုးရကပဲ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့် အကဲဖြတ်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် နာယကအဖြစ် ဦးဆောင်ပြီး ၁၉၉၃ ခုနှစ် ကတည်းက စတင် ဖွဲ့စည်းကတည်းက နည်းမျိုးစုံနဲ့ စုဆောင်းထားတဲ့ အသင်းဝင်ပေါင်း ၂၄ သန်းကနေ ၂၆ သန်းလောက်ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်အဖြစ် လွှဲပြောင်းနိုင်ချေ ရှိနေတဲ့ အပေါ်မှာလည်း Human Rights Watch အဖွဲ့က ရှုတ်ချခဲ့ပါတယ်။

XS
SM
MD
LG