သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲတွေရပ်တန့်ရေး တိုင်းရင်းသားပေါင်းစုံတောင်းဆို


ကွတ်ခိုင်ဆန္ဒထုတ်ဖော်ပွဲ
ကွတ်ခိုင်ဆန္ဒထုတ်ဖော်ပွဲ

ပြည်တွင်းစစ်ကြောင့် ဒေသခံပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရသလို၊ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရတာကြောင့် မြန်မာနိုင်ငံ တွင်း ဖြစ်ပွားနေတဲ့စစ်ပွဲတွေ အမြန်ရပ်တန့်ပေးဖို့ လူထောင်ကျော်ပါဝင်တဲ့ တိုင်းရင်းသားပေါင်းစုံ ဒေသခံပြည်သူတွေက ကွတ်ခိုင်မြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ကြဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက မြိုတွင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြတာဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ် တိုင်းရင်းသားယဉ်ကျေးမှုပေါင်းစုံ ဆန္ဒထုတ်ဖေါ်ပွဲကို မနက် ၉နာရီကနေ နေ့လည် ၁၂နာရီထိ ကွတ်ခိုင်မြို့ကျောက်တိုင်ကွင်း ကနေ အောင်ချမ်းသာစားသောက်ဆိုင်အထိ အဲဒီကမှ ကျောက်တိုင်ကွင်း အထိ ထောင်ကျော်တဲ့ ဒေသခံတိုင်းရင်းသားတွေက ချီတက် လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရသလို၊ စစ်ဘေးဒုက္ခသည်တွေ အဖြစ် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရကြောင်း၊ အမျိုးသမီး ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဘဝလုံခြုံရေးအတွက် ဒေသခံတွေမှာ စိုးရိမ်မှုရှိနေတာကြောင့် စစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆို ရတာဖြစ်ကြောင်း ဒီဆန္ဒထုတ်ဖေါ်ပွဲကို ဦးဆောင်သူ ပလောင်တိုင်းရင်းသား ဦးထွန်းအောင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ ကျနော်တို့ဒေသမှာ ပြည်တွင်းစစ်ဖြစ်ရင် ကျနော်တို့ တိုင်းရင်းသားတွေ ဒုက္ခရောက်တဲ့အကြောင်းပေါ့၊ စစ်ဖြစ်ရင် အိုးအိမ်လုံခြုံရေး စီးပွား လုံခြုံရေး နောက်ပြီး အဲ့မှာမနေနိူင်ဘူးဆိုရင် ကျနော်တို့ စစ်ဘေးဒုက္ခသည် စစ်ရှောင်တွေ ဖြစ်လာမှာ။ အဲဒီတော့ စစ်ဘေးဒုက္ခသည် ဖြစ်လာပြီဟေး ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေဘဝ ရည်မှန်းချက် ပျောက်သွားသလို ဖြစ်နေတာလေ၊ အဲဒီ ပြည်တွင်းစစ်ဒဏ်ကို ကျနော်တို့ ဒေသက ခါးစည်းခံနေရပါတယ်။ နှစ်ဖက်စလုံးကို စစ်ပွဲမဖြစ်ပဲနဲ့ နိူင်ငံရေးစားပွဲဝိုင်းပေါ်မှာ ထိုင်ပြီးတော့ ဆွေးနွေးတဲ့နည်းကို ကျနော်တို့က လိုချင်နေတာ။ ဒီနေ့ ဆန္ဒဖေါ်ထုတ်တဲ့ဒေသခံ တိုင်းရင်းသားတွေ နှစ်ထောင်လောက်တော့ ရှိပါတယ် ”

ဒီရက်ပိုင်းအတွင်း ကချင်ဒေသမှာ KIA တပ်တွေနဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးတင်းမာနေသလို၊ ဒီကနေ့မှာဆိုရင်လည်း ရှမ်းပြည် ကျောက်မဲ ဒေသမှာ TNLA တအာင်းပလောင်တပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒီလို ပြည်တွင်းစစ်ကြောင့် ကလေးငယ်တွေရဲ့ ပညာ ရေးကို ထိခိုက်စေပြီး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို ရိက္ခာဖြတ်တောက်မှုကနေ ရပ်တန့်ဖို့ကို တောင်းဆိုခဲ့ကြ တာပါ။ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ဒေသခံ စိုင်းလှိုင်းဝမ်းက သူ့အမြင်ကို ခုလိုပြော ပါတယ်။

“ အများဆုံး ဖြစ်တာကတော့ ရွာတွေ ပျက်စီးတာများတယ်၊ ပြီးတော့ ဒီကလေးသူငယ်တွေရဲ့ ပညာရေးပေါ့နော်။ ကျောင်းတွေလဲ ပျက်စီးတယ်။ နောက် နေရာအတွက်လဲ အခက်အခဲဖြစ်ကြတယ်၊ အခုဆိုရင် ဒုက္ခသည်တွေလဲ အများကြီးပဲပေါ့။ ပြည်သူလူထုတွေလဲ အရမ်း ဒုက္ခရောက်တယ်။ အများသောအားဖြင့် အိုးအိမ်စွန့်ခွာပြီးပြေးလာတဲ့ အခက်အခဲက အများဆုံးပဲ။ အဓိကကတော့ စစ်ပွဲကြောင့် ဒီလို အခက်အခဲတွေ ဖြစ်လာတာပေါ့၊ အဲဒါကြောင့် စစ်ပွဲအားလုံး ရပ်တန့် ပေးစေချင်တယ်ပေါ့ ”

NLD အစိုးရကလည်း ပြည်တွင်းစစ်ရပ်စစ်နိုင်ရေးအတွက် အပစ်ရပ်ငြိမ်းချမ်းရေးဖြစ်စဉ် ကို ဆက်လက်ကြိုးစားအကောင်အထည်ဖေါ်နေပေမဲ့ လက်တွေ့မှာ တိုင်းရင်းသားဒေသအတွင်း စစ်ပွဲတွေဆက်ရှိနေတာကြောင့် ဒီစစ်ပွဲတွေ အမြန်ရပ်တန့်ပေးဖို့ လိုလားကြောင်း ဦးထွန်းအောင်က ပြောပါတယ်။

“ တာဝန်ရှိတဲ့ အစိုးရ လူကြီးတွေကတော့ လုပ်နေပါတယ်၊ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ဒီအောက်ခြေမှာတော့ သူတို့ဆွေးနွေးတဲ့ကာလမှာ ကျနော်တို့ဆီမှာ တိုက်ပွဲဖြစ်နေတာလေ၊ အဲဒါတွေကို ဖြစ်နိုင်ရင် အမြန်ဆုံး ပြည်တွင်းစစ် မဖြစ်အောင် လုပ်ပေးစေချင်ပါတယ် ”

ကွတ်ခိုင်မြို့တိုင်းရင်းသားပေါင်းစုံ ဆန္ဒထုတ်ဖေါ်ပွဲကနေ ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး၊ ပြည်တွင်းစစ်ဖြစ်ပွားအောင် ဖန်တီးတဲ့လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးရဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ အကြမ်းဖက်မှု မှန်သမျှကိုလည်းရှုံ့ချကြောင်း၊ သဘောထား ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ဒီနေ့ မနက်ပိုင်းတုန်းကလဲ ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ ရာကျော်တဲ့ ဒေသခံတွေ က စစ်ပွဲတွေရပ်ဖို့နဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG