သုံးရလွယ်ကူစေသည့် Link များ

လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံ အဆိုးဆုံးအဆင့် ၃ စာရင်းဝင်


လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံ အဆိုးဆုံးအဆင့် ၃ စာရင်းဝင်

တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ဒီနှစ်မှာလည်း အဆိုးဆုံး အဆင့် ၃ မှာ ၁၀ နှစ်ဆက်တိုက် စာရင်းသွင်းတာကို ခံခဲ့ရပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုမှာ သက်ဆိုင်ရာ အစိုးရအနေနဲ့ အားနည်းတဲ့အတွက် အခုလို အဆိုးဆုံး နိုင်ငံတွေရဲ့ စာရင်းထဲမှာ ထည့်သွင်းခံရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ရဲ့ ဥပဒေ ပြဋ္ဌာန်းချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၇၇ နိုင်ငံက အခြေအနေကို လေ့လာပြီး ထုတ်ပြန်ခဲ့ရာမှာ အဆင့် ၃ ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာအဆင့် စံနှုန်း အနိမ့်ဆုံးကို မမီတဲ့ နိုင်ငံတွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ် မြန်မာ၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား အစရှိတဲ့ ၁၃ နိုင်ငံတို့ ပါဝင်ရာမှာ မြန်မာကတော့ ၁၀ နှစ်ဆက်တိုက် အဆင့် ၃ မှာ စာရင်းတင် ခံရတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာကို ထုတ်ပြန်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။

“ဒီအစီရင်ခံစာမှာ မှတ်တမ်းတင် ဖော်ပြထားတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေကို ကမ္ဘာက ဆက်ပြီး လက်မခံသင့်တော့ပါဘူး။ ဒီအစီရင်ခံစာဟာ ချီးကျူးစရာ၊ အသိအမှတ်ပြုစရာ ဖြစ်ပါတယ်။ အကြောင်းကတော့ မျှော်လင့်ချက်ပေးသလို အရေးယူ ဆောင်ရွက်ရမယ် ဆိုတာကိုလည်း ဆော်သြရာ ရောက်ပါတယ်။ မျှော်လင့်ချက်ထားပြီး အရေးယူ ဆောင်ရွက်မှု မရှိရင် အကျိုးမရှိပါဘူး။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေကို ပြောင်းလဲစေဖို့ အရေးယူ ဆောင်ရွက်နိုင်ဖို့က အရေးကြီးပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ အဆင့် ၃ မှာ နှစ်နဲ့ချီ ဆက်တိုက် ပါဝင်နေရခြင်း အကြောင်းရင်းနဲ့ ပတ်သက်လို့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အကြီးတန်း သုတေသီ နီရှာ ဗာရီယာ (Nisha Varia) ကတော့ အခုလို ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ဒီလို အခြေအနေမျိုးမှာ အဓိက အကဲစမ်းမှုကြီးကတော့ မြန်မာစစ်အစိုးရ အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဦးစားပေး လုပ်ဆောင်ရမယ့် ပြဿနာ ဆိုတာကို နားလည် လက်ခံရမှာ ဖြစ်ပါတယ်။ အခုချိန်ထိ မြန်မာစစ်အစိုးရက တခြားအစိုးရတွေ တုံ့ပြန်ခဲ့သလိုမျိုး အရေးယူ ဆောင်ရွက်မှုမျိုး မတွေ့ရပါဘူး။ ၁၀ နှစ်တာကာလကို ကြည့်ရင် စာရင်းသွင်းခံရတဲ့ တခြားနိုင်ငံ အတော်များများဟာ ဘယ်လို ပြုပြင်ရမလဲဆိုတာကို နည်းလမ်းရှာခဲ့ကြပါတယ်။ မြန်မာအစိုးရကတော့ အရေးယူ ဆောင်ရွက်ရာမှာ ဦးစား မပေးခဲ့ပါဘူး။ အလေးထား ဖြေရှင်းရမယ် ဆိုတာကို မြန်မာစစ်အစိုးရ သဘောပေါက်ဖို့ လိုပါတယ်။”

လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အနိမ့်ဆုံး အဆင့် ၃ မှာ နှစ်တွေ ဆက်တိုက်ချီ ပါဝင်ခဲ့ပြီး သိသာတဲ့ အရေးယူ ဆောင်ရွက်မှုမျိုး သက်ဆိုင်ရာ နိုင်ငံအနေနဲ့ မယူရင် အထောက်အကူပေးမှု ဖြတ်တောက်မှု အပါအ၀င် ဒဏ်ခတ် အရေးယူမှုတွေ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စုက ကနဦးကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီ့ထက်တိုးပြီး ချမှတ်နိုင်ရေးကတော့ စဉ်းစားရ ခက်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အနေနဲ့ လူကုန်ကူး ခံရသူတွေထွက်တဲ့ ပင်ရင်းနိုင်ငံအဖြစ် တွေ့ရှိရတယ်လို့ သတ်မှတ်ထားပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ခံရဖို့အတွက် လူကုန်ကူး ခံကြရပြီး မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကို စနစ်တကျ ဖြေရှင်းပေးနိုင်စွမ်း မရှိတဲ့ အတွက်လည်း မြန်မာလူမျိုး အများစုဟာ အိမ်နီးချင်း နိုင်ငံတွေမှာ လူကုန်ကူးခံရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြီးတန်း သုတေသီ မစ်စ် ဗာရီယာကတော့…

“လူကုန်ကူးမှု တိုက်ဖျက်ရာမှာ မြန်မာစစ်အစိုးရဘက်က အရေးယူ ဆောင်ရွက်ဖို့ မအောင်မြင်ခဲ့တဲ့ နိုင်ငံမှာ သာဓက ဖြစ်ပါတယ်။ လူကုန်ကူးမှု ဟန့်တားရာမှာ၊ ကျူးလွန်သူတွေကို အရေးယူရာမှာ၊ လူကုန်ကူး ခံရသူတွေအတွက် ကယ်ဆယ်ရေး အထောက်အကူ ပေးရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းဖို့၊ ကလေးစစ်သားတွေအဖြစ် အသုံးပြုဖို့ လူကုန်ကူးတာတွေ ရှိတဲ့အပြင် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ရာမှာလည်း အိမ်ဖော်လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ ကြွေးတင် ကျွန်ဖြစ်ရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။”

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပြင် ပြည်တွင်းမှာလည်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သားများ အသုံးပြုမှုဟာ အဓိက ပြဿနာတရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ အရပ်ဘက်နဲ့ တပ်တွင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုကို ရပ်တန့်ပြီး ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးအပြင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေကို ချမှတ်ပြီး ဥပဒေကို ကျူးလွန် ချိုးဖောက်သူတွေ၊ လူကုန်ကူးမှုအတွက် အဂတိ လိုက်စားသူတွေ၊ လာဘ်စားသူတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့နဲ့ လူကုန်ကူး ခံရသူတွေကိုလည်း လူ့အဖွဲ့အစည်းအတွင်း ပြန်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။

XS
SM
MD
LG