သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ


မြန်မာစစ်အစိုးရ အကြီးအကဲရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတာပါ။
မြန်မာစစ်အစိုးရ အကြီးအကဲရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတာပါ။

သြဂုတ် ၂၊ ၂၀၁၀-စစ်အစိုးရ အကြီးအကဲရဲ့ ၅ ရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်မှာ ၂ နိုင်ငံကြား စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ကုန်လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကရင်းနှီးမြုပ်နှံမှုတွေ ကျဆင်းခဲ့ပေမဲ့လည်း အရင်းအမြစ်တွေ ရှိနေဆဲ အခြေအနေတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်လုပ်ဆောင်ဖို့ စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေမှာ စီးပွားရေး ကြီးထွားလာနေတဲ့ အိမ်နီးခြင်း နိုင်ငံတွေက ပိုပြီးရင်းနှီးလုပ်ကိုင်လာကြတာပါ။

ပြီးခဲ့တဲ့ တပတ်ထဲက စစ်အစိုးရ အကြီးအကဲရဲ့ ၅ ရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာ ဆိုရင်လည်း ဒီလိုစီးပွားရေးအရ ကူးလူးဆက်ဆံဖို့ အစီအစဉ်တွေကို တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ ဘယ်လောက်အထိ တိုးတက်မှုရနေပြီလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ကုန်သွယ်မှုတွေ အဓိက လုပ်ဆောင်နေတဲ့ နိုင်ငံတွေအနက်က တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ဇူလိုင်လနှောင်းပိုင်း သွားရောက်ခဲ့တဲ့ စစ်အစိုးရ အကြီးအကဲရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး လုပ်ငန်းတွေ တိုးပြီး ဆောင်ရွက်သွားဖို့ သဘောတူညီမှုတွေ ရခဲ့ကြပါတယ်။ အိန္ဒိယအစိုးရရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရားဝင် ကြေညာထားပေမဲ့လည်း စီးပွားရေး ရည်မှန်းချက်တွေ အဓိက ပါဝင်နေတဲ့အတိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေး နားလည်မှုစာချွန်လွှာ၊ ရာဇဝတ်မှုဆိုင်ရာ အပြန်အလှန် အကူအညီပေးရေး စာချုပ်၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက်နဲ့ ပုဂံက အာနန္ဒာဘုရား ပြန်လည်ပြုပြင်ရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက် စတဲ့ စာချုပ် ၅ ခုကို ၂ နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးနဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေအတွက် အိန္ဒိယက ငွေချေးငှားတာတွေ၊ အကူအညီပေးတာတွေ လုပ်သွားဖို့လည်း သဘောတူခဲ့တာပါ။

မြန်မာ့စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်နိုင်သိန်း ကတော့ ၂ နိုင်ငံကြား စီးပွားရေး ဆက်ဆံမှုတွေဟာ မကြာခင်နှစ်တွေအတွင်း ကြီးထွားလာနေခဲ့တယ်လို့ ခရီးစဉ်အတွင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
“အိန္ဒိယနဲ့ မြန်မာ ကုန်သွယ်ရေး တန်ဖိုးဟာ မကြာခင်နှစ်တွေအတွင်း အလျှင်အမြန် တိုးလာနေပါတယ်။ နှစ်ဘက် ကုန်သွယ်ရေးကို ကြည့်မယ်ဆိုရင် ၂၀၀၇-၂၀၀၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၈၆ သန်းပဲ ရှိခဲ့ရာကနေ အခု ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံအထိ တိုးမြင့်လာခဲ့ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ နောက်ဆုံးဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၀၉-၂၀၁၀ အတွက် ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေ အရဆိုရင် အိန္ဒိယနိုင်ငံဟာ ကုန်သွယ်မှုတွေမှာ ထိုင်း၊ တရုတ်၊ စင်္ကာပူနိုင်ငံတွေပြီးရင် စတုတ္ထအများဆုံးဖြစ်ပါတယ်။ အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာဆိုရင် ကုန်လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ၂၆ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး ဒေါ်လာသန်းပေါင်း ၁,၁၉၀ အထိ ရှိခဲ့တာပါ။ မြန်မာနိုင်ငံဘက်က အိန္ဒိယကို ဒေါ်လာသန်း ၁,၀၀၀ တင်ပို့ခဲ့သလို၊ အိန္ဒိယနိုင်ငံဘက်ကတော့ ၁၉၄ သန်းဘိုး တင်သွင်းခဲ့တာ ဖြစ်တယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ပမာဏဟာဆိုရင်လည်း ၁၈၉ သန်းအထိ ရှိနေတာပါ။

တချိန်က ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့တဲ့ အိန္ဒိယအစိုးရအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ အရှေ့မျှော်ဝါဒကို စတင်ကျင့်သုံးလာစဉ်ကစပြီး နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိလို့ နိုင်ငံတကာက ဝေဖန်တာ ခံနေရတဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံမှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါဟာလည်း အိန္ဒိယအစိုးရအနေနဲ့ သူ့ရဲ့ အမျိုးသား အကျိုးစီးပွားကို ယှဉ်ပြီး လုပ်ဆောင်လာတာတွေ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ပဇ္ဖျိမသတင်းဌာနရဲ့ အယ်ဒီတာ ဦးစိုးမြင့် က ဆိုပါတယ်။

အထူးသဖြင့်ကတော့ ကြီးထွားလာနေတဲ့ စီးပွားရေးကို အရှိန်ကောင်းလာစေမယ့် စွမ်းအင်လိုအပ်ချက်တွေ ရှိနေတဲ့ အိန္ဒိယနိုင်ငံက စစ်အစိုးရ အကြီးအကဲကို ကောဇောနီခင်း ကြိုဆိုလာတဲ့အထိပါလို့ ဦးစိုးမြင့် ကပြောပါတယ်။
“စွမ်းအင်နဲ့ ပတ်သက်တဲ့ ဟာမျိုးပေါ့၊ သဘောတူညီချက်တွေ လိုချင်တယ်၊ အိန္ဒိယဘက်က။ သူရသလောက် လိုချင်တာပေါ့။ ဒါကြောင့်မို့လို့လည်း အိန္ဒိယက စွမ်းအင်နဲ့ ပတ်သက်တဲ့ အစိုးရ ဝန်ကြီးအဆင့် အစည်းအဝေး လုပ်မယ့်ဟာကိုတောင် တစ်ရက်ရွှေ့လိုက်တယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ လာလို့၊ မအားလို့ဆိုပြီး။ ဗိုလ်ချုပ်ကြီးသန်းရွှေ လာပြီးတော့မှပဲ အစည်းအဝေးကို ဆက်လုပ်မယ်လို့ ဆိုတဲ့အခါ၊ အိန္ဒိယက သူ့ရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ အဓိကထားပြီးတော့ လုပ်ဆောင်တဲ့ မူဝါဒ ဖြစ်တယ်လေ။”

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အိန္ဒိယသမ္မတ ပရတိဘာ ပတေးလ်၊ ဝန်ကြီးချုပ် မန်းဂ်မိုဟန်ဆင်း တို့နဲ့ နယူးဒေလီမြို့တော်မှာ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ၂ နိုင်ငံကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေထဲ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ အိန္ဒိယက အကူအညီ ပေးသွားဖို့တွေလည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ် နောက်ဆုံးထား အပြီးသတ်ဖို့ ရည်ရွယ်ထားတဲ့ ကုလားတန်မြစ် ဖွံ့ဖြိုးရေး စီမံကိန်း၊ တမူး၊ ကလေးဝနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က မိုးရေးမြို့အကြား ကားလမ်းဖောက်လုပ်ရေးတို့လို အခြေခံ အဆောက်အအုံ လုပ်ငန်းတွေက အစ၊ သတင်းနဲ့ နည်းပညာ ဖွံ့ဖြိုးရေး အစီအစဉ်တွေအဆုံး အိန္ဒိယက ငွေကြေးနဲ့ နည်းပညာ အကူအညီပေးမယ့် အစီအစဉ်တွေ၊ ၂ နိုင်ငံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့တွေကိုလည်း သဘောတူညီခဲ့ကြတာပါ။ အိန္ဒိယအစိုးရပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်ကနေ မြန်မာနိုင်ငံတွင်း မီးရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးငှားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

ဒီလို အိန္ဒိယနိုင်ငံက မြန်မာစစ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံမှုတွေကို လုပ်ဆောင်လာတာဟာ စစ်အစိုးရအပေါ် သြဇာညောင်းတယ်၊ မြန်မာ့စီးပွားရေးမှာ ပိုပြီးတွင်ကျယ်လာနေတယ်လို့ အများက ယူဆထားတဲ့ တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်မှု တခုအဖြစ်နဲ့လည်း ရှုမြင်လာကြတာပါ။ နယူးဒေလီမြို့က မူဝါဒရေးရာ သုတေသနဌာနက မဟာဗျူဟာရေးရာ သုတေသီ တဦးဖြစ်တဲ့ ဘာရတ် ခါနတ် (Bharat Karnad) ကတော့ အရင်က အိန္ဒိယရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြင်ဆင်ပြီး၊ တရုတ်ရဲ့လွှမ်းမိုးမှုကို ရင်ဘောင်တန်းနိုင်ဖို့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။
“အိန္ဒိယက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့လက်ရှိအနေအထားကို ခိုင်မာအောင် ကြိုးစားနေတာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီးကျွမ်းဝင်မှုရအောင် ပိုပြီးတော့လုပ်ချင်နေတယ်လို့ ကျနော်ထင်ပါတယ်။ အတိတ်က မှားယွင်းတဲ့ မူဝါဒတွေနဲ့ လိုအပ်တဲ့ အာရုံစိုက်မှု မပေးခဲ့တာကြောင့် မြန်မာနိုင်ငံကို တရုတ်လွှမ်းမိုးမှုအောက် ရောက်သွားအောင် ကျနော်တို့ လုပ်သလို ဖြစ်သွားပါတယ်။ ဒီအခြေအနေကို ပြန်ပြီးပြောင်းလဲလာအောင် ကျနော်တို့ ကြိုးစားနေပါတယ်။ အောင်မြင်မှုလည်း ရှိနေပါတယ်။”

အိန္ဒိယနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ကြီးထွားလာနေတာနဲ့အမျှ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မြန်မာနိုင်ငံက အရင်းအမြစ်တွေကို မျက်စေ့ကျနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံတာ ဝယ်ယူသုံးစွဲတာတွေမှာ တခြားအိမ်နီးချင်း တိုင်းပြည်တွေနဲ့စာရင် နောက်ကျနေခဲ့တာမို့ အခုအခါ မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်မှု လုပ်ငန်းတွေကို အာရုံစိုက်လာနေတာ တွေ့ရပါတယ်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ် အတွင်းမှာဆိုရင်လည်း အထက်မြန်မာပြည်က ချင်းတွင်းမြစ်ပေါ်မှာ တည်ဆောက်မယ့် ထမံသီနဲ့ ရွှေစာရေး စီမံကိန်းတွေက ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပူးတွဲအကောင်အထည် ဖော်သွားဖို့ သဘောတူညီမှုတွေ ရခဲ့ကြတာပါ။

ဒီလို အခြေအနေမှာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ သိသိသာသာကျဆင်းမှုတွေ ရှိခဲ့တာမို့ ပြည်ပက စီးပွားရေး လုပ်ငန်းတွေကို ဆွဲဆောင်လိုနေတဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးအတွက် အရင်းအမြစ်တွေ ဈေးကွက်တွေ ချဲ့ထွင်ဖို့ လိုအပ်နေတဲ့ အိန္ဒိယနိုင်ငံတို့ကြား စီးပွားရေး အခြေခံတဲ့ ဆက်ဆံမှုတွေ ရှေ့လျှောက် ပိုပြီးမြင်တွေ့ လာစရာတွေ ရှိနေတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG