သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တနင်္လာနေ့ မြန်မာပြည်ရောက်မည်


အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj

ဒီကနေ့ တနင်္လာနေ့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ဟာ နေပြည်တော်ကို လာရောက်ပြီး သမ္မတ ဦးထင်ကျော်နဲ့ရော နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။

ဒါဟာ အမျိုးသားဒီမိုကရေစီပါတီ အာဏာရချိန်ကစပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့် ခေါင်းဆောင် တဦး ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးမှာ ဖြစ်သလို မကြာခင် အိန္ဒိယမှာ ကျင်းပဖို့ပြင်နေတဲ့ Bimstec ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နည်းပညာနဲ့ စီးပွါးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ ညီလာခံနဲ့ BRICS လို့ခေါ်တဲ့ ဘရာဇီးလ် ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါ ပါဝင်တဲ့ ညီလာခံတွေနဲ့ ပါတ်သက်ပြီးလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဒေသတွင်း ၂ ဘက်အကျိုးစီးပွါးတွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဖို့ လည်း ရှိပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ တရက်ခရီးစဉ်ကနေ မြန်မာနိုင်ငံတွင်း အစိုးရသစ် ရဲ့ ဦးစားပေးလုပ်ငန်းတွေ မှာ အိန္ဒိယက လက်တွဲ ဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ သံဓိဌာန် ခိုင်မာကြောင်း ပြသဖို့ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံခြားရေး အတွင်းဝန် S.J. Jaishankar နဲ့ တခြား နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတွေနဲ့ အတူ လာရောက်မှာ ဖြစ်ပါတယ်။

အိန္ဒိယ မြန်မာ ၂ နိုင်ငံကြား စိုက်ပျိုးရေး၊ IT နည်းပညာ၊ လူသားအရင်းမြစ် ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အစီအစဉ်တွေမှာ ပူးတွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG