သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ အကြီးအကဲ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အိန္ဒိယနိုင်ငံကို ခရီးလှည့်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီကနေ့မှာ အိန္ဒိယသမ္မတ ပရာတီဘာ ပတေးလ် (Pratibha Patil)၊ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ နယူးဒေလီမြို့တော်ကို ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဇနီးတို့ကို သမ္မတအိမ်တော်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ။

မြန်မာစစ်ခေါင်းဆောင်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေကြား ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့နဲ့ ကုန်သွယ်ရေး တိုးမြှင့်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနယ်စပ်ဘက်မှာ ခိုအောင်းနေတဲ့ အိန္ဒိယ သူပုန်တွေကို နှိမ်နင်းရေး၊ လက်နက်မှောင်ခိုကူးမှု နှိမ်နင်းရေးနဲ့ ၂ နိုင်ငံနယ်စပ် လုံခြုံရေး ကိစ္စတွေအပြင် ကုန်သွယ်ရေးဆိုင်ရာ စာချုပ် ၅ ခုထက် မနည်းကိုလည်း နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အိန္ဒိယက EXIM ဘဏ်ကနေ မြန်မာကို ချေးထားတဲ့ ချေးငွေ ဒေါ်လာ သန်း ၆၀ ကို ဆက်ပြီး သက်တမ်းတိုး ချေးလိုက်တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေးဟာ အင်မတန် ကောင်းမွန်နေတယ်လို့ ခရီးစဉ်မှာ ပါသွားတဲ့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးစိုးသာ ပြောတာကိုလည်း AFP သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ အိန္ဒိယ ပုဂ္ဂလိက လုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ တိုက်တွန်းလိုတယ်လို့လည်း ဝန်ကြီး ဦးစိုးသာက ပြောခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အိန္ဒိယနိုင်ငံက အရင်က ထောက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာ အိန္ဒိယ အစိုးရက မြန်မာအပေါ်ထားတဲ့ ရပ်တည်ချက် ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးအရရော၊ စစ်ရေးအရပါ အိန္ဒိယက အဆက်အဆံ လုပ်လာပြီး မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေထက် တိတ်တဆိတ် နားချတာက ပိုပြီး ထိရောက်တယ်လို့ အိန္ဒိယက လက်ခံထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ အတိုက်အခံတွေ၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ရေးကို အိန္ဒိယက မြန်မာကို တိုက်တွန်းမယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် အစိုးရက ပြောထားပါတယ်။

တနင်္ဂနွေနေ့ကတည်းက အိန္ဒိယနိုင်ငံကို ရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ဟာ ကြာသပတေးနေ့အထိ အိန္ဒိယနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အိန္ဒိယရဲ့ IT နည်းပညာမြို့ဖြစ်တဲ့ ဟိုက်ဒရာဘတ် (Hyderabad) နဲ့ စက်မှုမြို့ဖြစ်တဲ့ ဂျမ်းရှက်ဒ်ပူး (Jamshedpur) မြို့တွေဆီကိုလည်း သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒီနေ့မှာလည်း အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေး ဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်နေကြပါတယ်။

XS
SM
MD
LG