သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံရေး ဖိအားပေးဖို့ အိန္ဒိယ အစိုးရကို HRW တောင်းဆို


ဒေသအတွင်း ရှေးအကျဆုံး ဒီမိုကရေစီ ထွန်းကားခဲ့တဲ့ အိန္ဒိယနိုင်ငံလို တိုင်းပြည်မျိုး အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တွန်းတွန်းတိုက်တိုက် ဖိအားပေး ပြောဆိုသင့်တယ်ဆိုပြီး နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကနေ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ မြန်မာ့အရေး ဆိတ်ဆိတ်နေမှုအပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း ဒီကနေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အိန္ဒိယဝန်ကြီးချုပ် အနေနဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလေးပေး ဆွေးနွေးဖို့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်တာပါ။ နှစ်နိုင်ငံ တွေ့ဆုံစဉ်မှာ သေချာပေါက် ဆွေးနွေးမယ်လို့ ယူဆရမယ့် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်တော့ မြန်မာပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့် အကာအကွယ်ပေးဖို့ အကြောင်းရပ်ကို ချန်လှပ်မထားသင့်ဘူးလို့ လူ့အခွင့်အရေး အဖွဲ့က သတိပေးခဲ့ပါတယ်။

ဒေသတွင်း ရှေးအကျဆုံး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့တော့ အထူးသဖြင့် မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲကိစ္စ လွတ်လပ်မျှတဖို့ကို ထောက်ပြ ဝေဖန် ပြောဆိုသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ စီးပွားရေးအရ အတော်လေး ပြောဆို ပတ်သက်နေနိုင်တဲ့ အဆင့်ကနေ ရှေ့တိုးဆောင်ရွက်ပါလို့ HRW လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ ဝါရှင်တန်ရုံး ဒါရိုက်တာ ဆိုဖီ ရစ်ချတ်ဒ်ဆန် (Sophie Richardson) က ပြောပါတယ်။

“ကျမအထင်တော့ နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း အိန္ဒိယနိုင်ငံက မြန်မာအစိုးရကို ပြောဆို ဖျောင်းဖျနိုင်ပါတယ်။ ဒါပေမဲ့ အသေအချာ ကြိုးမှ မကြိုးစားတာ။ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံထဲမှာ စီးပွားရေး အကျိုးစီးပွားတွေ ရှိပါတယ်။ တရားဝင် ထုတ်သာမပြောတာ၊ စီးပွားရေးဆိုင်ရာ မူဝါဒ ဆုံးဖြတ်မှုတွေမှာ အိန္ဒိယက ပါဝင်ပတ်သက်နေပါတယ်။ ဒီအခြေအနေကနေ အပြုသဘောဆောင်ပြီး ရှေ့တိုး လုပ်ဆောင်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ တာဝန်ယူ ဖြေရှင်းဖို့ ကိစ္စတွေကို တွန်းအားပေး ဆောင်ရွက်သင့်ပါတယ်။”

မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လုပ်နေမယ်၊ ဒီမိုကရေစီ တိုးတက်မှုတွေ မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံသာမက အိန္ဒိယ အပါအဝင် ဒေသအတွင်း အခြားနိုင်ငံတွေကိုပါ အကျပ်အတည်း ဖြစ်စေလိမ့်မယ် ဆိုတာကို အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်အတွင်းမှာ အိန္ဒိယဘက်က သဘောပေါက်အောင် ပြောဆိုသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ထောက်ပြပါတယ်။

ဒါပေမဲ့ အိန္ဒိယအစိုးရ အနေနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ကိစ္စတွေ ပြောမလား ဆိုတာကတော့ သံသယ ဝင်စရာပါ။ လေ့လာသူ အချို့ကတော့ စီးပွားရေးနဲ့ အခြား နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေကိုပဲ အလေးပေး ဆွေးနွေးနေတဲ့ အချိန်မှာ အခုလို မျက်နှာနာစရာတွေကိုတော့ ပြောနိုင်ချေ မရှိဘူးလို့ တွက်ပါတယ်။

အိန္ဒိယနိုင်ငံ အနေနဲ့ကလည်း အခုနှစ်တွေ နောက်ပိုင်းမှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ပြောတာဆိုတာ သိပ်မတွေ့ရတော့လို့ပါ။ တောင်အာရှဒေသ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ဦးဆောင်ပြောနေတဲ့ အိန္ဒိယလို နိုင်ငံမျိုးက အိမ်နီးချင်း မြန်မာကိစ္စမှာတော့ ဆိတ်ဆိတ်နေတာဟာ အတော် အံ့အားသင့် တုန်လှုပ်စရာပဲလို့လည်း ဆိုဖီ ရစ်ချတ်ဒ်ဆန်က ဝေဖန်ပါတယ်။

“အိန္ဒိယအစိုးရ အနေနဲ့ တချိန်လုံးလိုလို ပါကစ္စတန်၊ ကက်ရ်ှမီးယား၊ အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေ ပြုပြင်ပြောင်းလဲရေး ကိစ္စမှာ တွန်းအားပေး ဆောင်ရွက်နေတာတွေပဲ တွေ့နေရပါတယ်။ ဒီလို အခန်းကဏ္ဍမျိုးမှာ လုပ်ဆောင်နေနိုင်ရဲ့နဲ့ အပြုသဘော အနေနဲ့ ချဉ်းကပ် ဆောင်ရွက်နိုင်ရဲ့သားနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာကျတော့ ခပ်ဆိတ်ဆိတ် နေနေတာ အတော်လေး တုန်လှုပ် အံ့သြစရာပါပဲ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခုလို ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ် တခုမှာ မြန်မာ့အရေး နိုင်ငံတကာက ဘယ်လို သဘောထားနေသလဲ ဆိုတာ အိန္ဒိယအစိုးရ အနေနဲ့ ပြောဖို့ဆိုဖို့ သင့်တယ်လို့ ယူဆသူတွေကတော့ အတော်များများပါ။ အိန္ဒိယလို အိမ်နီးချင်း တိုင်းပြည်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ လုပ်ဖို့တော့ လိုအပ်နေပြီ ဆိုတာကို ပြောဆိုတိုက်တွန်းဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အားပေး တိုက်တွန်းတယ်လို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

XS
SM
MD
LG