သုံးရလွယ်ကူစေသည့် Link များ

သမ္မတဦးထင်ကျော် အိန္ဒိယခရီး အကြိုသုံးသပ်ချက်


အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမကြီး။
အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမကြီး။

ဒီလကုန်ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးအဖြစ်သွားရောက်မယ့် သမ္မတ ဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်ဟာ အပြန်အလှန် လွန်ဆွဲ နေကြတဲ့ အင်အားကြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကြားမှာ မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံ ရဲ့လုံခြုံရေး နိုင်ငံရေး အကျိုးစီးပွားရေးတွေကို ဆောင်ကျဉ်းပေးနိုင်မယ် လို့ မျှော်လင့်ကြောင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံရေး ကျွမ်းကျင်သူ ဒေါက်တာ တင့်ဆွေကပြောပါတယ်။ သြဂုတ်လ (၂၂) ရက်နေ့ ကျရင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Sushma Swaraj ကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး သမ္မတ ဦးထင်ကျော်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မကြာခင်မှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ်သွားရောက်မယ့်အကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

၁၉၈၈ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေကို ထောက်ခံခဲ့တဲ့ အိန္ဒိယအစိုးရဟာ သူ့ရဲ့ အရှေ့မျှော် နိုင်ငံခြားရေး မူဝါဒအရ ၁၉၉၅ ဝန်းကျင်လောက်မှာ မြန်မာ စစ်အစိုးရနဲ့ ပြန်ပြီး ပြေလည်အောင် ဆက်ဆံလာခဲ့တာကြောင့် မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ အိန္ဒိယအစိုးရတို့ကြား ဆက်ဆံရေးပြန်ကောင်း လာခဲ့သလို၊ မြန်မာ့ဒီမိုကရေစီရေးပေါ် ထောက်ခံမှု လျော့ သွားခဲ့တာပါ။

လက်ရှိ အိန္ဒိယနိုင်ငံမှာ BJP ပါတီက အာဏာရလာသလို၊ မြန်မာနိုင်ငံမှာလည်း NLDပါတီက အာဏာရလာတယ်ဆိုတဲ့ နှစ်နိုင်ငံစလုံးမှာ အပြောင်းအလဲတွေဖြစ် ခဲ့တာပါ။ ဒီလိုအပြောင်းအလဲတွေကြား သွားရမယ့် သမ္မတ ဦးထင်ကျော်ရဲ့အိန္ဒိယ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး သွားရောက် တာဖြစ်တာမို့၊ မြန်မာနိုင်ငံအတွက် မဟာဗျူဟာခရီးစဉ်ဖြစ်တယ်လို့ သုံးသပ်သူကတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအရေး ကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေဖြစ်ပါတယ်။

" ဦးထင်ကျော် ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ် အပြီးလည်း ဖြစ်တော့ကာ အရေးပါတယ်လို့ ကျနော်မြင်ပါတယ်။ အရင်တုန်းက အိန္ဒိယသမ္မတ လာတာရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယကို လာတာရော အဲ့ဒီ့ သူတို့အစိုးရတွေရဲ့ အကျိုးစီးပွားတွေ တနည်းအားဖြင့် စစ်အစိုးရရဲ့ အကျိုးစီးပွားတွေကို သဘောတူနေကြတဲ့ကာလပေါ့။ အဲ့ဒီ့ကာလကို လွန်သွားပြီ ဒီလွန်သွားတဲ့ကာလမှာ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ မဟာဗျူဟာ အချက်အခြာကျတဲ့ နိုင်ငံသေးလေးတခုရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေး အကျိုးစီးပွား၊ စီးပွားရေး အကျိုးစီးပွား၊ နိုင်ငံရေး အကျိုးစီးပွား စတာတွေမှာ အိမ်နီးချင်း အရေးကြီးဆုံး နိုင်ငံ ခရီးစဉ်တွေကို သွားတဲ့ ခရီးစဉ်တွေဖြစ်တယ်လို့ ကျနော် သုံးသပ်ချင်ပါတယ်။"

သမ္မတဦးထင်ကျော်ရဲ့အိန္ဒိယခရီးစဉ်မတိုင်ခင် သြဂုတ်လ(၂၂)ရက် လာမယ့် တနင်္လာနေ့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က နေပြည်တော်ကို လာရောက်ပြီး သမ္မတ ဦးထင်ကျော်နဲ့ရော ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံဆွေးနွေးမှာပါ။ အိန္ဒိယရော တရုတ်ကပါ မြန်မာ့ ပင်လယ်ပြင်ထွက်ပေါက် ဘင်္ဂလား ပင်လယ်အော်ကို ပိုပြီးအခြေချနိုင်ရေး လိုလားနေကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးရဲ့မြန်မာပြည် ခရီးစဉ် အရေးပါမှုနဲ့ ပတ်သက်လု့ိ ဒေါက်တာတင့်ဆွေက ခုလိုရှုမြင်ပါတယ်။

"သိတဲ့အတိုင်းပဲ အိန္ဒိယနဲ့ တရုတ်က ဘင်္ဂလားပင်လယ်အော်ကိုပဲ ထွက်ပေါက် ယူမှာပဲ။ တရုတ်ကတော့ သူ့ရဲ့ခါးပတ်ကြီး နဲ့ အာရှလမ်းမကြီးဆိုတာ သူတို့ရဲ့ပေါ်လစီ၊ အဲ့တော့ အိန္ဒိယကလည်း BIMSTEC နဲ့ BRICS ပေါ်လစီ ။ BRICS ကတော့ နည်းနည်းကျယ်ပြန့်တာပေါ့ ဘရာဇီးတို့ရော ရုရှားတို့ရောပါတယ်။ သူ့ပေါ်လစီပေါ့။ အဲ့ဒီ့ကြားထဲကမှ အဆွယ်ခံရတဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ဒီအချက်ကို အိန္ဒိယဘက်ကလည်း ကောင်းကောင်း သိမယ်လို့ ကျနော် ယူဆတဲ့အတွက် နှစ်နိုင်ငံ စစ်မှန်တဲ့ အကျိုးစီးပွားအပေါ်မှာ တည်ဆောက်သွားနိုင်တယ်။ တချိန်တည်းမှာ မျှတတဲ့ တရုတ်ရဲ့ ချဉ်းကပ်မှုနဲ့ ပေါ်လစီကိုတော့ ချိန်ညှိနိုင်မယ်လို့ ယူဆတဲ့အတွက် အခုလာမယ့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ရဲ့ ခရီးစဉ်ကလည်း အရေးပါတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။"

တကယ်တော့ အိန္ဒိယရော တရုတ်နိုင်ငံပါ မြန်မာနိုင်ငံကို သူတို့ဘက်ပိုပါရေး အပြိုင်အဆိုင် ချည်းကပ်နေကြတာပါ။ အိန္ဒိယနိုင်ငံအတွက် ခေါင်းခဲစရာ အဖြစ်ဆုံးကတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ အခြေချနေတဲ့ အာသံနဲ့ နာဂသူပုန်တွေ အရေးကိစ္စပဲဖြစ်ပါတယ်။ မြန်မာနယ် စပ်နားက အိန္ဒိယရဲ့ကုန်းတွင်းပိတ် ဒေသတွေ ဖွံ့ဖြိုးရေးမှာ မြန်မာနိုင်ငံ ဟာအိန္ဒိယအတွက် အရေးပါနေတာကြောင့် အိန္ဒိယကလည်း မြန်မာကို အကူအညီတွေ ပိုပေးလာမယ့်အခြေနေရှိတယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

" အိန္ဒိယက သူ့ရဲ့အရှေ့မြောက်ဒေသမှာ ရှိတဲ့ သူပုန်၊ သူကန်လို့ခေါ်တဲ့ တဒါဇင်လောက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းထဲက အများစုဟာ ဗမာ့မြေပေါ်မှာ ဗမာနိုင်ငံမှာ စစ်အစိုးရ တက်ကတည်းက ဒီကနေ့အထိ ရှိနေတဲ့ကိစ္စဖြစ်တယ်။ အဲ့ဒီ့အရှေ့မြောက်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေကို တည်ငြိမ်အောင် မလုပ်နိုင်ရင် အိန္ဒိယနဲ့ အကျိုးစီးပွားက ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် အဲ့ဒီ့ကိစ္စဟာ အိန္ဒိယအတွက် အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ နောက် ဒုတိယ အရေးကြီးတာက အိန္ဒိယနိုင်ငံက ဗမာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ကို သူလိုချင်ပါတယ်။ တချိန်တည်းမှာ အိန္ဒိယက ဘာပေးနိုင်မလဲဆိုရင် မြန်မာနိုင်ငံ ရဲ့စိုက်ပျိုးရေး၊ ပညာရေး ကိစ္စတွေ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကိစ္စတွေ နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကို သူက ကောင်းကောင်းရချင်လိမ့်မယ်လို့ ယူဆပါတယ်။"

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ရဲ့မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာအစိုးရသစ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လူသားအရင်းမြစ်နဲ့ အိုင်တီနည်းပညာ စတဲ့ကဏ္ဍတွေမှာ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေးသွားမယ် လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG