သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလကိုယ်စားလှယ်များ စည်းရုံးရေး အဆင်ပြေ


၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုယှဉ်ပြိုင်မယ့်သူ တွေတင်မကဘဲ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ဝင်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အရင် မဆလပါတီဝင်ဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီတွေ ကလွဲပြီးတော့ တခြားနိုင်ငံရေးပါတီတွေ စည်းရုံး မဲဆွယ်တဲ့အခါ အခက်အခဲ ရှိနေကြချိန်မှာ မဲဆွယ်ရတာအဆင်ပြေတယ်လို့ ပြောနေသူတွေကတော့ တသီးပုဂ္ဂလ ဝင်အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်းတချို့ပါ။ ဘာကြောင့် သူတို့က အခုလို ပြောနိုင်ရသလဲဆိုတာကိုတော့ ထိုင်းအခြေစိုက် သတင်း ထောက် ကိုကျော်ထင်က သတင်းပို့ထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ် အများအပြားလည်း ယှဉ်ပြိုင်ဖို့ရှိပြီး နိုင်ငံရေးပါတီတွေနဲ့စာရင် လူထုကိုစည်းရုံးရာမှာ သူတို့က ပိုလွယ်ကူတယ်လို့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ပြောကြပါ တယ်။

ပုဇွန်တောင်မြို့နယ် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးရန်ကျော်က လူထုဟာ ပါတီနိုင်ငံရေးနဲ့ပတ်သက်မှာကို စိုးရိမ်ကြတာကြောင့် တသီးပုဂ္ဂလ အနေနဲ့စည်းရုံးရတာ လွယ်ကူတယ်လို့ ဆိုပါတယ်။

“ပါတီဆိုတဲ့နေရာမှာ လူတွေက ပါတီဆိုတဲ့စကားရပ်နဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးကို အနည်းငယ် စိုးရွံ့နေကြပါတယ်။ အနှစ် ၂၀ လုံးလုံးမှာ ဖြစ်ပေါ် နေတဲ့ ကြေငြာချက်တွေ၊ ထုတ်ပြန်ချက်တွေ၊ သတင်းစာတွေအရ ပါတီတို့၊ နိုင်ငံရေးတို့နဲ့ ပြောခဲ့မယ်၊ တွေ့ခဲ့မယ်၊ ဆုံခဲ့မယ်ဆိုရင် ငါတို့အတွက် ဆုံးရှုံးမှု တွေများဖြစ်မလား၊ ငါတို့အတွက် နစ်နာမှုတွေများဖြစ်မလားဆိုတဲ့ စိုးထိတ်မှု တွေက ပြည်သူတွေရင်ထဲမှာရှိပါတယ်။

“ကျနော်တို့ Personal တသီးပုဂ္ဂလဖြစ်တဲ့အခါကျတော့ ပါတီဆိုတဲ့ Image (ပုံရိပ်) ကြီး မရှိတဲ့အတွက် နည်းနည်းလေး ပြောရဆိုရတာ ပါတီထက်စာရင် တော့ အဆင်ပိုပြေပြီးတော့ ချောမွေ့ပါတယ်ခင်ဗျ။”

ဦးရန်ကျော်ဟာ ၉၀ ခုရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဘွဲ့ရကျောင်းသားများ အဖွဲ့အနေနဲ့ ပုဇွန်တောင်မြို့နယ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒီပါတီဟာ ပန်းဘဲတန်းမြို့နယ်မှာ တစ်နေရာအနိုင်ရခဲ့ပါတယ်။

၂၀၁၀ အတွက် ပုဇွန်တောင်မြို့နယ်မှာ အဓိကယှဉ်ပြိုင်ဘက်တွေကတော့ ပြည်ခိုင်ဖြိုးနဲ့ တစညပါတီ ကိုယ်စားလှယ်တွေဖြစ်တယ်လို့ ဦးရန်ကျော်က ဆက်ပြောပါတယ်၊

“စနေနေ့ နေ့လည် နှစ်နာရီအထိ မှတ်ပုံတင်ပေးမှုကိုလေ့လာချက်အရတော့ ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အဆင့်မှာ ကျနော်နဲ့အတူ ပြည်ခိုင်ဖြိုး ပါတီကို ကိုယ်စားပြုပြီးပြိုင်မယ့် ဒေါက်တာတင်ထွန်းဦးလို့ သိရပါတယ်။ နောက်တခါ တစညကို ကိုယ်စားပြုပြီးပြိုင်မှာကတော့ အသက် ၇၈ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ တချိန်တုံးက ပုဇွန်တောင်မြို့နယ် ပါတီယူနစ်ဥက္ကဋ္ဌ ဟောင်း ဦးလှစိန်ဖြစ်ပါတယ်ခင်ဗျ၊ ခုလောလောဆယ် သုံးယောက်ပဲ သိပါ သေးတယ်။ မနေ့ကနဲ့ ဒီနေ့စာရင်း ကျနော်မရသေးပါဘူး။

“ကျနော့်အနေနဲ့ကတော့ ပြိုင်ဘက်ကောင်းတွေနဲ့ ပြိုင်ရတဲ့အတွက် မျှတတဲ့ ပြိုင်ပွဲဆိုလို့ရှိရင်တော့ အချိန်မရွေး ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ဖို့ ready (အဆင်သင့်) ပါပဲခင်ဗျ။”

ဒေါက်တာတင်ထွန်းဦးဟာ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး စွယ်စုံမီဒီယာအုပ်စုရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူ့ကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့နီးစပ်သူလို့ စာနယ်ဇင်းအသိုင်းဝိုင်းမှာ လူသိများပါတယ်။

လက်ရှိမှာတော့ အစိုးရဟာ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရေးအတွက် နည်းလမ်း မျိုးစုံနဲ့ ပံ့ပိုးနေတယ်လို့ နိုင်ငံရေးပါတီအသိုင်းအဝိုင်းက ပြောကြပါတယ်။ ခုလိုအခြေအနေတွေနဲ့ ကြုံရတယ်ဆိုပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ထွက်ပေါက်တခုလို့မြင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် တသီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေက ဆိုပါတယ်၊

“ဒါကလည်း ရှင်းနေတာပဲဗျ၊ လက်ရှိအာဏာရအစိုးရကတော့လည်း သူတို့အတွက် အသာစီးရနိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းမှာပဲလေ။ ကျနော်က ၉၀ မဝင်ခကလည်း ပြောခဲ့ဖူးတယ်၊ တရားဥပဒေတိုင်းကတော့ တရားမျှတနေ နိုင်တဲ့ အနေအထား မရှိဘူးပေါ့ဗျာ၊ တကမ္ဘာလုံးမှာပဲပေါ့။ ဒီသဘောတရား အပေါ်မှာ ကျနော်တို့ သွားလို့ရနိုင်တဲ့လမ်းကြောင်း ပေါ်ပေါက်လာရင် ပေါ်ပေါက်လာတဲ့အတိုင်း လျှောက်ရမှာပဲ။

“နောက်ပိုင်း ကျနော်တို့ လွှတ်တော်ထဲရောက်သွားရင်တော့ ဒီမိုကရေစီ လမ်း ကြောင်းနဲ့ သွေဖီတဲ့၊ အများပြည်သူအကျိုးစီးပွားကို ထိထိရောက်မပံ့ပိုးနိုင်တဲ့ ဥပဒေတွေကိုပယ်ဖျက်ပြီး ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင်မယ်၊ အများ ပြည်သူအကျိုးစီးပွား၊ တိုင်းပြည်အတွက် အကျိုးသက်ရောက်နိုင်မယ့် ဥပဒေ တွေပြဋ္ဌာန်းနိုင်အောင် ကြိုးစားရမှာပေါ့ဗျာ။”

လောလောဆယ်ထိ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၀ ကျော်လောက် ရှိနေပြီလို့ ဦးဘတင့်ဆွေက ဆက်ပြောပါတယ်၊
“တော်တော်များများရှိတယ်၊ ကျနော်တို့စုစည်းထားတာ၊ ပထမ ၂၀ ကျော် တယ်ဗျာ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် အဲလိုတွေပါ ပါတာပေါ့၊ ရေနံချောင်း၊ ရေစကြို၊ လယ်ဝေး၊ ပျဉ်းမနား အစုံပဲ စုစည်းထား တာ။

သို့သော်လည်းပဲ ဒီကာလက တိုတောင်းနေတဲ့ကာလဖြစ်တော့ ကျနော်တို့ တသီးပုဂ္ဂလတွေ ဘယ်လောက်ဝင်ပြိုင်နိုင်မလဲ၊ ကျနော်တို့နဲ့ တသီးပုဂ္ဂလ ကွန်ယက် ဆက်နွယ်နေသူတွေ ဘယ်လောက်ပြိုင်နိုင်သလဲ၊ ကျနော်တို့နဲ့ အဆက်အသွယ်မရှိတဲ့သူတွေ ဘယ်လောက်ပြိုင်နိုင်လဲ သေချာမသိသေး ဘူးဗျ၊ ဒီနေ့နောက်ဆုံးဆိုတော့ တင်ပြီးမှပဲ သိရမယ့်သဘောရှိတယ်။”

အခြားတဘက်မှာလည်း စစ်အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတချို့ တသီး ပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့်အစီအစဉ်တွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်၊။ ၁၉၉၀ ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ၈၇ ဦးယှဉ်ပြိုင်ခဲ့ပြီး ၆ ဦးအနိုင်ရခဲ့ပါတယ်။

XS
SM
MD
LG