သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းက မုန်တိုင်းရှောင်ဒေသခံတချို့ နေရပ်ပြန်


မုန်တိုင်းသတိပေးထုတ်ပြန်ချက်၊ ၂၅ အောက်တိုဘာ ၂၀၁၆။
မုန်တိုင်းသတိပေးထုတ်ပြန်ချက်၊ ၂၅ အောက်တိုဘာ ၂၀၁၆။

ဘင်္ဂလားပင်လယ်အော်အခြေပြုတဲ့အားပြင်းမုန်တိုင်းဟာ ဦးတည်ရာ လမ်းကြောင်းပြောင်းသွားတဲ့အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာက သဘာဝဘေးအန္တရာယ်ရှောင်ကျေးရွာသားတချို့ နေရပ်ရင်းကို ပြန်ကြပေမဲ့မြစ်ချောင်း၊ ပင်လယ်နဲ့နီးတဲ့ ကျေးရွာသားအများစုကတော့ မပြန်ရဲကြသေးဘူးလို့ လူမှုကူညီရေးအဖွဲ့တွေကဆိုပါတယ်။ နောက်ထပ်ဝင်လာနိုင်ဖွယ်ရာရှိတဲ့ ဆိုင်ကလုံးမုန်တိုင်းတခုအတွက်လဲ ဧရာဝတီတိုင်းအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်သတိပေးမှုတွေလုပ်ဆောင်နေတယ်လို့အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ ထားပါတယ်။

မုန်တိုင်းရှောင်သူတွေအများဆုံးရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ထဲမှာတော့ မုန်တိုင်းအားပျော့နေတဲ့ အခြေအနေတွေကြောင့် သဘာဝဘေးအန္တရာယ်ရှောင်ပြည်သူတချို့ဟာ နေရပ်ရင်းကိုပြန်သူရှိသလို အများစုဟာ မပြန်နိုင်သေးဘူးလို့ နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်ကိုထွန်းအေးကပြောပါတယ်။

“မုန်တိုင်းကတော့ လက်ရှိတော့ ဆုတ်သွားတယ်ပြောတယ်။ လပွတ္တာမှာတော့ ငြိမ်နေတယ်။ လပွတ္တာ မှာတော့ ဘာမှမဖြစ်မဘူး။ မုန်တိုင်းကိုထိန်းကျောင်းနေတဲ့လူတွေတော့ တော်တော်များများကျန်သေးတယ်။ လက်ရှိတော့ ၁၆၀၀၊ ၁၇၀၀ လောက်တော့ရှိသေးတာပေါ့။ ပြန်သွားတဲ့သူတွေက ကုန်းပေါ်ဘက်ကနေလို့ရတဲ့ဆီကို လူ ၂၀၀ လောက်တော့ ပြန်သွားတာပေါ့။ ကုန်းဘက်ကနေ ကားနဲ့ပြန်လု့ိရတဲ့လူတချို့က ကားနဲ့ပြန်ကြတယ်လေ။ “

နေရပ်ပြန်သူအများစုဟာ လပွတ္တာမြို့နယ်ကုန်းတွင်းပိုင်းကျတဲ့ကျေးရွာသားတွေဖြစ်ကြပြီး မြစ်ချောင်းပင်လယ်နဲ့နီးတဲ့ ကျေးရွာသားတွေတော့မပြန်ရဲကြသေးဘူးလို့သူကဆိုပါတယ်။ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကစပြီး မုန်တိုင်းသတိပေးကြေညာချက်ကြောင့် ပင်လယ်ကမ်းနီးကျေးရွာက လူဦးရေ(၃၀၀၀)ခန့် ဟာ လပွတ္တာမြို့ထဲကို ဝင်ရောက်ခိုလှုံလာခဲ့ကြတာပါ။ လက်ရှိမှာ မုန်တိုင်းဦးတည်ရာလမ်းကြောင်း ပြောင်းလဲလာလို့ အန္တရာယ်ကင်းပြီးလို့ဆိုပေမဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေ နဲ့ ရေလမ်းခရီးသွားလာခွင့်ကိုပိတ်ပင်ထားတယ်လို့ ကိုထွန်းအေးကပြောပါတယ်။

“ကုန်းလမ်းကနေတော့ ပြန်လို့ရတယ်၊ ကျွန်တော်တို့ရေလမ်းကို အာဏာပိုင်တွေက ပြန်ခွင့်မပြုသေးဘူး။ ပြန်ခွင့်မပြုသေးဘူးဆိုတာက ကျွန်တော်တို့ ဒီတိုင်းညွှန်ကြားချက်မရသေးတဲ့အတွက် ရေယာဉ်တွေကိုထွက်ခွင့်မပြုသေးဘူး။“

မော်လမြိုင်ကျွန်းမြို့နယ်ဘက်မှာလဲ မုန်တိုင်းတိမ်းရှောင်သူတွေရှိနေတယ် လို့ဒေသခံကိုမြင့်စိုးကပြောပါတယ်။

“ ဒီဘက်မှာက ရှိရင် လေးငါးခြောက်ရာ လောက်ကိုရှိမှာပါ။ လပွတ္တာအစပ်ကလူတွေကျွန်တော်တို့ နယ်ဘက်ကို ပါတဲ့လူတွေ ဝင်လာကြတယ်ဗျ။ “

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ဒီကနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ် ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်း မုန်တိုင်းငယ်ဟာ အနောက် - အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီး ပိုမိုအား ကောင်းလာတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့အနောက် - အနောက်မြောက်ဘက် မိုင် (၂၀၀)ခန့်၊ ဂွမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင်(၂၀၀)ခန့် ၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက်(၁၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့ရဲ့ အရှေ့ - အရှေ့တောင်ဘက် မိုင်(၄၆၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွေအနေနဲ့ အခုဝင်လာနိုင်မဲ့ မုန်တိုင်း အတွက်လဲ ကြိုတင်ပြင်ဆင်သတိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

“ ခုလက်ရှိအနေအထားမှာ တော့ မုန်တိုင်းကတော့ နောက်တလုံးလာနိုင်တယ်။ သို့သော်လည်းပဲ ဒေသခံပြည်သူတွေအနေနဲ့ကတော့ လက်ရှိကြားကာလလေးမှာ ခဏတော့ ပြန်ချင်တယ်ပေါ့နော်။ သို့သော်လည်းပဲ ရေလမ်းခရီးက သွားနိုင်တဲ့၊ သွားမယ့် လူတွေအတွက်ကတော့ ကျမတို့ခေတ္တ ဆိုင်းငံ့ထားပါသေးတယ်။ ဆိုင်ကလုန်းမုန်တိုင်းကြေငြာချက်မှာတော့ အဓိက ဟိုင်းကြီးကျွန်းနဲ့ ပတ်ဝန်းကျင်ကို ဝင်နိုင်တယ်လို့ကျမတို့်ကနေ အဲ့ဒီလို သတင်းရထားတဲ့အခါကျတော့ ဒီ ကျမတို့ လပွတ္တာရယ်၊ ဟိုင်းကြီးရယ်၊ မော်လမြိုင်ကျွန်းပေါ့နော်၊ မော်ကျွန်းကနေပြီးတော့ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေကနေပြီးတော့ ဆိုက်ကလုန်း shelter တွေ၊ နောက် ကျောင်းတွေကျမတို့ ဒီ.. ရေရော၊ လေရော၊ လွတ်တဲ့နေရာတွေပေါ့နော်။ ကျမတို့ အဲ့ဒီ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံးတွေမှာပါ ဒေသခံပြည်သူတွေကနေပြီးတော့ ခုလက်ရှိအနေအထားမှာ ဝင်ရောက်ပြီးတော့ခိုလှုံနေတာတွေရှိပါတယ်။ နောက် ကျမတို့ ဧရာဝတီတတိုင်းလုံးမှာ မုန်တိုင်းကျရောက်နိုင်တဲ့ဒေသပတ်ဝန်းကျင်တွေကို ကျမတို့ကနေပြီးတော့ တောက်လျှောက်ပဲ ကျမတို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကနေပြီးတော့ သတင်းတွေကို အမြဲတမ်းပို့ပေးပါတယ်။ နောက်ပြီးတော့ ကြက်ခြေနီ၊ မီးသတ်၊ မြန်မာနိုင်ငံပြည်သူ့ရဲတွေက အကုန်လုံး လိုက်ပြီးတော့ သတင်းရအောင် လိုက်ပြီးတော့ နှိုးဆော်ထားတာတွေရှိပါတယ်။ တကယ်လို့များ ဒီဒေသတွေမှာ မုန်တိုင်းဒဏ်ခံရပြီဆိုလို့ရှိရင် ကျမတို့ ဆန်ရိက္ခာအားဖြင့်တော့ ပြည့်ပြည့်၀၀ နဲ့လောက်ငှနိုင်တဲ့ ဆန်ရိက္ခာဖြစ်အောင် စီစဉ်ထားမှုတွေရှိပါတယ်။ “

မုန်တိုင်းဝင်ရောက်လာရင် စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လို့လဲ ဝန်ကြီးကပြောပါတယ်။ လက်ရှိမှာဧရာဝတီတိုင်းဒေသကြီးအတွင်း မုန်တိုင်းကျရောက်နိုင်မဲ့ မြို့နယ် (၁၃)မြို့နယ်က စာသင်ကျောင်း(၄၀၀၀) နီးပါးကို ပိတ်ထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း တုန်းကလဲ အနီရောင်အဆင့်အားပြင်းမုန်တိုင်းတခု ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည် နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့မှာ ဒီရေဟာ(၇)ပေကနေ (၁၀)ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကနေ သတိပေးကြေငြာထားပါတယ်။

အစိုးရကနေ ဒီလိုကြေညာထားပြီးနောက်ပိုင်း မုန်တိုင်းဦးတည်ရာ လမ်းကြောင်း ပြောင်းသွားပေမဲ့ ဧရာဝတီတိုင်းဒေသခံတွေအနေနဲ့ကတော့ စိုးရိမ် ထိတ်လန့်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်မေလအတွင်း နာဂစ်မုန်တိုင်း ကျရောက်ခဲ့စဉ်က ဧရာဝတီတိုင်းဟာ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပွါး ခဲ့ပါတယ်။ဧရာဝတီတိုင်း ရန်ကုန်တိုင်းအပါအဝင် မြန်မာ့နိုင်ငံတဝှမ်းမှာ နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူဦးရေ(၇၇၀၀၀)ကျော် ပျောက်ဆုံးသူဦးရေ(၅၅၀၀၀)ကျော် ဒဏ်ရာရသူနှစ်သောင်းနီးပါးနဲ့ မုန်တိုင်းဘေးဒဏ်ခံရသူ တစ်သန်းခွဲရှိပြီး ဦးရေ ၁၀၆၄၀၀၀ခန့်ကို ကယ်ဆယ်ရေးစခန်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာကနေဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG