သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒဏ်ခတ်ရေး အဆိုပြုချက်မူကြမ်း လုံခြုံရေးကောင်စီတင်ပြီ


အီရန်နိုင်ငံကို စတုတ္ထအကြိမ်မြောက် စီးပွားရေးဒဏ်ခတ်အရေးယူမှုတွေ လုပ်ဖို့ ကုသမဂ္ဂရဲ့ မူကြမ်းအဆိုပြုချက်ကို အမေရိကန်နဲ့ တခြား ကမ္ဘာ့အင်အားကြီး ၅နိုင်ငံတို့က သဘောတူခဲ့ကြ ပါတယ်။ ဒီအဆိုပြုချက်ထဲမှာ အီရန်နိုင်ငံအပေါ် နဂိုအရေးယူထားမှုတွေမှာ နောက်ထပ် အရေးယူမှုအသစ်တွေ တိုးခဲ့တာလို့ အမေရိကန်နိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် Susan Rise က သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ အီရန်ရဲ့ ယူရေနီယံ အဆင့်မြင့်သန့်စင်မှုတွေ ရပ်ဆိုင်းစေဖို့အတွက် တောင်းဆိုမှုကို အီရန်က ပယ်ချခဲ့တဲ့အတွက် အီရန်ရဲ့ ရပ်တည်မှု ပိုမိုကျပ်တည်းလာအောင် ရည်ရွယ်ပြီးချမှတ်ခဲ့တာလို့လည်း မစ္စရိုက်စ် က ပြောပါတယ်။

ဒီစီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေထဲမှာ လက်နက်ရောင်းဝယ်မှုကို တားမြစ်မှုတွေ အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုကို တားမြစ်တာတွေအပြင် အီရန်ရဲ့ နျူကလီးယားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ ကုန်ပစ္စည်းတွေပါတယ်လို့ သံသယရှိတဲ့ ရေယာဉ်တွေကို ပိုပြီး စစ်ဆေးမှုတွေ လုပ်ဖို့ ပါဝင်ပါတယ်။ ဒီအဆိုပြုချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အတည်ပြုချက် အမြန်ဆုံး ရအောင် လုပ်ယူဖို့ လိုတယ် လို့လည်း မစ္စရိုက်စ်က ပြောပါတယ်။

လုံခြုံရေးကောင်စီက အဆိုပြုချက်မူကြမ်းနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အီရန်မှာ ၉လကြာ အထိန်းသိမ်း ခံနေရတဲ့ တောင်တက်သမား ၃ယောက်ရဲ့ မိခင်တွေဟာ အကျဉ်းထောင်ထဲက သားသမီးတွေနဲ့ တွေ့ဖို့နဲ့ သူတို့ လွတ်မြောက်အောင် လျှောက်ထားဖို့အတွက် တီဟီရန်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အီရန်က သူတို့ကို လူသားချင်း စာနာထောက်ထားတဲ့ အခြေခံအရ ဗီဇာပေးလိုက်တဲ့နောက် မိခင် ၃ယောက်ဟာ နယူးယောက်မြို့ကနေ အင်္ဂါနေ့မှာ ထွက်ခွာသွားကြတာဖြစ်ပါတယ်။ ဒီတောင်တက်သမား ၃ယောက်ရဲ့ အရေးဟာ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေထဲက ကိစ္စတရပ်ပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG