သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ စစ်ဆေးရေးမှူး၂ဦး အီရန် ဝင်ခွင့်မရ


အီရန်နိုင်ငံရဲ့ နျူကလီးယားလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အချက်အလက်မှားတွေ တင်ပြသူ တွေအဖြစ် ကုလသမဂ္ဂရဲ့ စစ်ဆေးရေး အရာရှိနှစ်ဦးကို နိုင်ငံထဲ ဝင်ရောက်ခွင့်မပေးနိုင်တဲ့ အကြောင်း အီရန်နျူကလီးယားအေဂျင်စီအကြီးအကဲက ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံထဲက နျူကလီယားစက်ရုံတွေကို အကဲခတ်ဖို့ လာရောက်မယ့် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အရာရှိနှစ်ဦးကို လာရောက်ခွင့် မပြုနိုင်ကြောင်း အီရန် နျူကလီးယားဌာန အကြီးအကဲ Ali Akbar Salehi ကို ကိုးကားပြီး အီရန်ကျောင်းသား သတင်းဌာနက ဒီကနေ့မှာပဲ ဖော်ပြလိုက်တာပါ။

ကုလသမဂ္ဂ စစ်ဆေးသူတွေဟာ တရားဝင် စစ်ဆေးမှုတွေမလုပ်ခင် အချက်အလက်တွေကို ထုတ်ပြန်တယ်၊ လွဲမှားတဲ့ အစီရင်ခံစာကို ရေးသားတယ်ဆိုပြီး အီရန် နျူကလီးယား ထိပ်တန်း တာဝန်ရှိသူက စွပ်စွဲလိုက်ပေမဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ မပြောခဲ့ပါဘူး။

လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက သံသယရှိနေတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စတုတ္ထအကြိမ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့အပြီး အခုလို တုန့်ပြန်လာတာလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံ ကတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေဟာ ငြိမ်းချမ်းတဲ့ ရည်မှန်းချက်တွေ အတွက်သာဖြစ်တယ်လို့ ပြောဆိုနေတာပါ။

အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီကလည်း ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ တရားဝင်မှုမရှိဘူးလို့ သောကြာနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG