သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး အီရန်၊ တူရကီ၊ ဘရာဇီး ဆွေးနွေး


အခု စက်တင်ဘာ မွတ်ဆလင် ဘာသာဝင်တွေရဲ့ ရာမဒန်လတွေပြီးရင် အီရန်ဟာ ဥရောပသမဂ္ဂနဲ့ နျူကလီးယား အစီအစဉ်ကိစ္စ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နျူကလီးယား ညှိနှိုင်းမှုတွေအတွက် အီရန်ဘက်က ဘာဆက်လုပ်မလဲ ဆိုတာကို အီရန်၊ တူရကီနဲ့ ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးတွေ အီစတန်ဘူမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

နျူကလီးယားလောင်စာ လဲလှယ်ရေး အစီအစဉ်မှာ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေ စတင်ဖို့အတွက် အီရန်အနေနဲ့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကို စာရေးသား ပေးပို့လိမ့်မယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက် ဒေါက်ဗ်တိုဂလူး (Ahmet Davutoglu) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အီရန်အပေါ် ၄ ခုမြောက် အရေးယူ ဒဏ်ခတ်မှု ဆုံးဖြတ် ပြဋ္ဌာန်းခဲ့ပါတယ်။ အီရန်ရဲ့ ဆေးဘက်ဆိုင်ရာ သုတေသန ဓာတ်ပေါင်းဖိုအတွက် လိုအပ်တဲ့ ယူရေနီယံ လောင်စာချောင်းတွေအတွက် အဆင့်နိမ့် ယူရေနီယံ သန့်စင်မှုလုပ်ရေး ကုလသမဂ္ဂရဲ့ အပေးအယူ အစီအစဉ်ကို အီရန်ဘက်က လက်မခံ ငြင်းပယ်ပြီးနောက် အဲဒီလို ဆုံးဖြတ်ချက် ချခဲ့တာပါ။

အဲဒီ သဘောတူညီချက်အရ ဆိုရင်တော့ အီရန်မှာရှိတဲ့ ယူရေနီယံတွေကို လျှော့ချဖို့ ပါဝင်သလို နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းအားကို နှောင့်နှေးသွားအောင်လည်း ရည်ရွယ်ပါတယ်။

အီရန်အနေနဲ့ ကုလသမဂ္ဂရဲ့ အဲဒီ သဘောတူညီချက်အစား တူရကီနဲ့ ဘရာဇီးတို့ ပါဝင် ညှိနှိုင်းပေးတဲ့ နျူကလီးယားလောင်စာ အပေးအယူ သဘောတူညီချက်ကို ပိုပြီး လိုလားပါတယ်။ အဲဒီမှာ ယူရေနီယံ ဖလှယ်ရေးကိစ္စ ပါဝင်ပေမဲ့ အီရန်က ယူရေနီယံ သန့်စင်မှုတွေကို ရပ်တန့်ပေးရမယ်လို့ တောင်းဆိုထားတာတော့ မရှိပါဘူး။

XS
SM
MD
LG