သုံးရလွယ်ကူစေသည့် Link များ

အီရန်နျူးကလီးယားအရေး ရုရှားသမ္မတသတိပေး


အီရန်နိုင်ငံအနေနဲ့ သူ့ရဲ့ နျူးကလီးယားရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်နေမယ်ဆိုရင်၊ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ကလည်း အီရန်နိုင်ငံအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုအသစ်တွေကို ချမှတ်ဖို့အတွက် သဘောတူညီမှုရခါနီးဆဲဆဲဖြစ်နေပြီလို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယက်ဒက် က စနေနေ့ကပြောကြားလိုက်ပါတယ်။ ဘယ်နိုင်ငံကမှ အရေးယူပိတ်ဆို့မှုတွေကို မလိုလားကြောင်း၊ ဒါပေမဲ့ အီရန် အနေနဲ့ သူတို့ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကို မရပ်ဆိုင်းဘူးဆိုရင်တော့၊ အီရန်နိုင်ငံကို အရေးယူပိတ်ဆို့သွားမယ်လို့ သူက ပြောကြား လိုက်ပါတယ်။

ဂျာမဏီဝန်ကြီးချုပ် အန်ဂလာ မာကဲလ် နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ သူက အခုလို ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ သိပ်မကြာခင်ကာလအတွင်းမှာ အရေးယူပိတ်ဆို့မှုတွေကို ချမှတ်သွားနိုင်ဖွယ်ရှိတယ်လို့ ဂျာမဏီ ၀န်ကြီးချုပ် အန်ဂလာ မာကဲလ်က ပြောပါတယ်။ ဂျာမနီနိုင်ငံ နဲ့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား နဲ့ တရုတ်နိုင်ငံတို့ဟာ အီရန်အစိုးရအပေါ် အနာဂတ်မှာ အရေးယူပိတ်ဆို့မှုအသစ်တွေလုပ်သွားဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

အခုချိန်ထိတော့၊ ရုရှား နဲ့ တရုတ်နိုင်ငံတို့က အရေးယူပိတ်ဆို့မှုအသစ်တွေကို ထောက်ခံဖို့ တွန့်ဆုတ်နေဆဲဖြစ်ပါတယ်။ အမေရိကန် နဲ့ အနောက် မဟာမိတ်နိုင်ငံတွေကတော့၊ အီရန်နိုင်ငံဟာ နျူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်တည်ဆောက်ဖို့အတွက် ယူရေနီယမ် သန့်စင် တာတွေကိုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။ အီရန်နိုင်ငံကတော့ သူတို့ရဲ့ နျူးကလီးယားစီမံကိန်းဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်တာလို့ ပြောပါတယ်။

XS
SM
MD
LG