သုံးရလွယ်ကူစေသည့် Link များ

ပျောက်ဆုံး အီရန် နျူကလီးယား ပညာရှင် ပြည်တော်ပြန်ပြီ

  • ဗွီအိုအေ (မြန်မာဌာန)

မစ္စတာ ရှာရမ် အာမီရီ။

တနှစ်ကျော်ကြာ ပျောက်နေပြီး ၀ါရှင်တန်မြို့တော်မှာ ထူးထူးဆန်းဆန်း ပြန်ပေါ်လာတဲ့ အီရန်နိုင်ငံသား နျူကလီးယား သိပ္ပံပညာရှင်ဟာ နိုင်ငံကို ပြန်လာပြီလို့ အီရန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရန် သိပ္ပံပညာရှင် ရှာရမ် အာမီရီ (Shahram Amiri) ဟာ တတိယနိုင်ငံ တနိုင်ငံကနေ တဆင့် ဒီကနေ့ပဲ ပြန်လာနေပြီလို့ အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကို ကိုးကားပြီး အီရန်နိုင်ငံက ISNA သတင်းဌာနက ပြောဆိုလိုက်တာပါ။ သူ့ကို မနှစ်တုန်းကပဲ အမေရိကန်တွေက ပြန်ပေးဆွဲသွားတာလို့ အီရန်နိုင်ငံကတော့ ပြောဆိုနေတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ မစ္စတာ အာမီရီဟာ အမေရိကန် ပြည်ထောင်စုကို သူ့ဆန္ဒအရ လာခဲ့တာဖြစ်ပြီး လွတ်လွတ်လပ်လပ် ပြန်နိုင်တဲ့အကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

အသက် ၃၀ ကျော် အရွယ်ရှိ အီရန် နျူကလီးယား သိပ္ပံပညာရှင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာပဲ နိုင်ငံကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံမှာ သူလည်ပတ်နေတုန်း အမေရိကန် ထောက်လှမ်းရေးတွေ လက်ထဲ ရောက်သွားတာလို့ အီရန်ကတော့ ပြောနေတာပါ။ အမေရိကန်ကတော့ သူ့ကို ပြန်ပေးဆွဲတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

တနင်္လာနေ့ နှောင်းပိုင်းမှာပဲ အီရန် နျူကလီးယား သိပ္ပံပညာရှင်ဖြစ်တဲ့ အာမီရီဟာ ၀ါရှင်တန်မြို့တော်က ပါကစ္စတန် သံရုံးရဲ့ အီရန်ရေးရာ ကိစ္စတွေကို ကိုင်တွယ်ရာ ဌာနကို ရောက်ရှိလာခဲ့တာပါ။ အမေရိကန်မှာ ရောက်နေစဉ် သူ့အပေါ် မလျော်မကန် ပြုမူဆက်ဆံတာတွေ မရှိခဲ့ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူက မနေ့တုန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG