သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့ကာကွယ်ရေး IS တို့ ရှေးခေတ်ဗျူဟာ သုံးမည်


Iraqi security forces ride in vehicles travelling to Mosul to eject Islamic State militants on Feb. 21, 201.6
Iraqi security forces ride in vehicles travelling to Mosul to eject Islamic State militants on Feb. 21, 201.6

အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှု Iraq နဲ့ Kurd စစ်မြေပြင ်တပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရုန်းထွက်ပြီး Mosul ဒေသက မောင်းထုတ်ဖို့ ဆင်နွှဲလာမဲ့ တိုက်ပွဲကြီးအတွက်အစွန်းရောက် IS တပ်ဖွဲ့တွေဟာ ရှေးခေတ်ဟောင်း သုံး ခံစစ်ဗျူဟာ တရပ်ကို ပြန်လည်အသုံးပြု လာကြပါတယ်။ Rikar Hussein Washington က ရေးသားပေးပို့တဲ့ သတင်းကို ဦးကျော်ဇံသာက တင်ပြမှာဖြစ်ပါတယ်။

အဲဒီ မဟာဗျူဟာကတော့ အစ္စလာမ်သမိုင်းမှာတွေ့ရတဲ့ Battle of the Trench ကတုတ်ကျင်းတိုက်ပွဲ ဇာတ်လမ်းထဲက ထုတ်နှုတ်ထားတာ ဖြစ်ပါတယ်။ AD 627 တုံးက တမန်တော်မိုဟာမက် ခေါင်းဆောင်တဲ့ လူ ၃၀၀၀ လောက်ဟာ မဒီနာ (Medina) ကို အင်အား တသောင်းကျော် ရှိတဲ့ အာရပ်နဲ့ ဂျူးတွေလက်က ခုခံ ကာကွယ် ခဲ့ကြတဲ့ ပုံစံဖြစ်ပါတယ်။

IS တို့ဟာ ကမ္ဘာတလွှား မူဆလင်တို့ သိပ်အလေးထားကြတဲ့ ဒီရှေးဟောင်းပုံပြင်ကို သုံးပြီး အင်တာနက် လူမှုကွန်ယက် တွေကတဆင့် ကျယ်ကျယ် ပြန့်ပြန့် စည်းရုံးဖို့ လုပ်နေကြတာပါ။ Iraq မှာရှိတဲ့ သူတို့ရဲ့နောက်ဆုံးခြေကုတ်စခန်း Mosul ကို ကာကွယ်မယ့် IS တပ်ဖွဲ့ဝင်အရေအတွက်ဟာ ၃ပုံ ၂ပုံ လောက်ပြုတ်သွားပြီး ၃-၄ ထောင်လောက်ပဲကျန်တော့တယ်လို့ အမေရိကန် စစ်ဆင်ရေးပြောခွင့်ရ ဗိုလ်မှူးကြီး John Dorrian က ဆိုပါတယ်။

“ သူတို့ရဲ့တိုက်ခိုက်သမား အရည်အတွက်ဟာ အရင်နဲ့စာရင် အများကြီး နည်းပါး သွားပါပြီ၊ အတိအကျပြောရရင် ၃၀၀၀ ကနေ ၄၅၀၀ လောက်ပဲ ရှိပါတော့မယ် … ဒီထိုးစစ်ကိုဟန့်တားဖို့ IS တွေမှာ အင်အားအလုံအလောက်မရှိဘူးဆိုတာ သူတို့ IS တွေလဲ သိပါတယ်။ ”

တမန်တော်ခေတ် စစ်ဗျူဟာအတိုင်း IS တို့ဟာ မိုင်ချီရှည်လျားတဲ့ ကတုတ်ကျင်းတွေ ကို Mosul မြို့ပတ်ပတ်လည်မှာ တူးထားကြပါပြီ။ (လူ ၅ သိန်းလောက်ရှိတဲ့ Mosul ကို IS တွေ ၂၀၁၄ ကစလို့ ထိန်းချုပ်ထားခဲ့တာပါ) မြို့ဆင်ခြေဖုံးမှာလဲ အုတ်ရိုး အတား အဆီးတွေ လုပ်ထားတယ် လို့ ဒေသခံ ထောက်လှမ်းရေးတွေက ဆိုကြ ပါတယ်။

IS တို့ကတော့ ဒါကို တမန်တော်အောင်ပွဲ ခံခဲ့တဲ့ ပုံစံအတိုင်း လုပ်ရမယ် သူတို့ပြောနေတဲ့ Caliphate အစ္စလာမ်နိုင်ငံတော် တည်မြဲရေးဟာ သူတို့ဘာသာ မယုံကြည် သူတွေကို Mosul တိုက်ပွဲမှာ ဘယ်လောက်ကြံ့ကြံ့ ခံနိုင်မလဲ ဆိုတဲ့အပေါ် မူတည်နေပါသတဲ့။ IS တို့ဟာ သူတို့ကိုယ် သူတို့ တမန်တော် မိုဟာမက်ခေတ်က ပထမဦးဆုံးသော အစ္စလာမ် စစ်သည်တော်တွေ ပုံဖမ်းတတ် တယ်လို့လဲ Princeton တက္ကသိုလ် အရှေ့အလယ်ပိုင်း ပါမောက္ခ Bernard ကဆိုပါတယ်။

ဒါပေမဲ့ မဟာမိတ်တို့ရဲ့ ပစ်နိုင်အားကို ကြည့်ရင်ပဲ IS တွေ သမိုင်းအကိုးအကားနဲ့ လုပ်နေတာ ထိရောက်မှု မရှိနိုင်ဘူးလို့ အဝေးရောက် Mousl ခေါင်းဆောင် Ismat Rajab ကဆိုပါတယ်။

“ ကတုတ်တွေတူးနေတာပဲ သူတို့အတွက်အချိန် အတော်ကုန်ပါတယ်။ နောက်ဆုံး တနေ့ ဒီကတုတ်တွေက သူတို့ကို ကယ်နိုင်မှာ မဟုတ် ပါဘူး။ ညွန့်ပေါင်းနဲ့ Iraq တပ်တွေက အကုန် သိပြီးသားပါ။ ဖြစ်လာနိုင်တဲ့ တိုက်ပွဲပုံစံအတွက် ပြင်ဆင် ပြီးသားပါ။ နည်းပညာကလဲ တမန်တော် မိုဟာမက်ခေတ်နဲ့ ဘာမှမဆိုင်ပါဘူး၊ အရမ်းကို တိုးတက်နေပါပြီ။ ခေတ်ရှေ့ပြေး လက်နက်တွေကို ဘယ်လို ခံကတုတ် မျိုးနဲ့မှ မတားနိုင်ပါဘူး….”

Iraq နဲ့ Kurds တပ်ဖွဲ့တွေဟာ အမေရိကန် တပ်များရဲ့ ပံ့ပိုးမှုနဲ့ IS တို့ရဲ့အခိုင်အမာ Mosul မြို့ထိုးစစ်ကို အောက်တိုဘာ လဆန်းပိုင်း လောက်မှာ စတင်မယ်လို့ သိရကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG