သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နိုင်ငံတကာ အကြမ်းဖက်သမားစာရင်း မြန်မာလက်ခံရရှိ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့အကြမ်းဖက်သမား ၇၈၁ ဦးစာရင်းကို မြန်မာနိုင်ငံကလည်း လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နယ်စပ်ဖြတ်ကျော် မှုခင်းဌာန ရဲမှူးကြီးတဦး ကပြောပါတယ်။

ရှေ့လထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုးဘားမား ကိုယ်တိုင် လာရောက်ဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့လုံခြုံရေး ကိုလည်း အခုထဲက တိုးမြှင့်ထားတယ်လို့ သူကပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်ပြီးတော့ ကုလလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို အမေရိကန်သမ္မတ အိုဘားမားက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။ အဲဒီအစည်းအဝေးအတွင်းမှာပဲ နိုင်ငံပေါင်း ၃၃ နိုင်ငံက အကြမ်းဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြမ်းဖက်သမား ၇၀၀ ကျော် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS နဲ့ ပူးပေါင်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုထုတ်ပြန်ခဲ့တဲ့ စာရင်းဟာ အမေရိကန် CIA က ဦးဆောင်ပြီးတော့ ရရှိထားတဲ့ စာရင်းကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) ကနေတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပေးပို့လာတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနက ရဲမှူးကြီး ဦးအောင်ဌေးမြင့် က ပြောပါတယ်။

"အမေရိကန် အစိုးရကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ Leading Role မှာပဲ သူပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ အချက်အလက်တွေရတယ်၊ ဘာညာဆိုလို့ရှိရင် Interpol ကိုပေးတယ်၊ Europol ဆိုတာ ဥရောပသမဂ္ဂ ရဲအဖွဲ့ဆိုတာရှိတယ်။ Europol ကိုပေးတယ်၊ Interpol ကိုပေးတယ်။ ပြီးရင်ကျနော်တို့ ဒီဘက်ကနိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုလို့ရှိရင် အာဆီယံ နိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုရင် Aseanapol ကို သူပေးတယ်။ အဲဒါကတော့ သူကတော့ အကုန်လုံး အချက်အလက်တွေကိုပေးမယ်၊ ဒါကတော့ အားလုံးနိုင်ငံတွေ ဝိုင်းဝန်းပြီးတော့ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ဆိုတဲ့ဟာပေါ့။ ဒီအကြမ်းဖက်သမားလို့ သတ်မှတ်ချက်ဆိုတာ သူတို့ရဲ့ CIA ရဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတယ်။ ဒါက terrorist, terrorism ဒါက ဘယ်သူတွေ၊ ဘယ်သူတွေဆိုတာ သတ်မှတ်ချက်ပေါ့နော်။"

အကြမ်းဖက်သမားလို့ သတ်မှတ်ခံထားရတဲ့ ၇၈၁ ဦးလုံးရဲ့ အမည် စာရင်းကို ရရှိထားပေမဲ့လည်း အားလုံးရဲ့ အချက်အလက် ပေါင်းစုံကိုတော့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

"ဟုတ်ကဲ့ အဲဒီဟာနဲ့ ပတ်သက်လို့ သူတို့ကတော့ အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေနဲ့ပတ်သက်ရင် ကျနော်တို့ Interpol ပေါ့နော်၊ Interpol အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကိုတော့ သူတို့ share လုပ်ပါတယ်။ share လုပ်ပြီးတော့မှ အဲဒီအကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ပတ်စ်ပို့မှတ်ပုံတင် နံပတ်တွေ၊ ဒါတွေကတော့ အကုန်လုံး share ထားတာပေါ့နော်။ ဒါပေမဲ့ ၇၀၀ ကျော်လုံးရဲ့ အချက်အလက်တွေ အားလုံးကတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ ကျနော်တို့က Interpol နဲ့ ဆက်တဲ့အခါမှ 24/7 Channel နဲ့ ဆက်တာပေါ့နော်။ Chat-7 ဆိုတာကလည်း ဘယ်လိုခေါ်မလဲ ကျနော်တို့ Gmail လိုပါပဲ။ ဒါပေမဲ့ safety connection တခုနဲ့ ဆက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မရောက်သေးပါဘူး။ အဲဒါတွေ၊ နောက်ကျရင် ကျနော်တို့ကို ဆက်ပြီးပေးမှာပဲ။ အခုတော့ အကြမ်းဖျဉ်းပဲ သိရတယ်ပေါ့နော်

ရှေ့လ နိုဝင်ဘာလထဲ မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲတွေလည်း ကျင်းဖို့ ရှိနေတာပါ။ ဒီအစည်းအဝေးကို နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်သမ္မတ အိုဘားမားလည်း လာရောက်ဖို့ ရှိပါတယ်။ ဒါကြောင့် အခုလို အကြမ်းဖက်သမားစာရင်းတွေ ထွက်ပေါ်လာတာနဲ့အတူ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း လေဆိပ်ဝင်ပေါက် အပါအဝင် နယ်စပ်ဝင်ပေါက်တွေမှာပါ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

"လုံခြုံရေး ဆက်တိုးမြှင့်ထားတယ် ဆိုတာကတော့ ဒီလိုပါ။ မကြာခင် ကျနော်တို့နိုင်ငံမှာ Summit ဆိုတာကြီးကို ကျင်းပတော့မှာ ဖြစ်တယ်လေ။ အားလုံးသိတဲ့အတိုင်း၊ ဒီ Summit မှာ ကျနော်တို့ Asean plus ပေါ့ dialogue partner အင်အားကြီးနိုင်ငံတွေက အကြီးအကဲတွေ လာမှာဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ယခင်ကထက် ပိုပြီးတော့မှ ကျနော်တို့က လုံခြုံရေး ဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ပေါ့။ အဲဒီတော့ လုံခြုံရေးဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ဆိုတဲ့ ဥစ္စာမှာ ဘာတွေကို စလုပ်ရလဲဆိုတော့ အဝေးစည်းတွေပေါ့၊ နယ်စပ်ဝင်ပေါက်တွေကနေမှ အဝင်အထွက် နေရာတွေမှာ စစ်ဆေးမှုတွေကို ကျနော်တို့ ပိုပြီးတော့မှ၊ စနစ်တကျ ပိုပြီးတော့မှလုပ်တယ်။ မသင်္ကာတာတွေ့လို့ရှိရင် ဟိုဖက်နိုင်ငံ ဒီဖက်နိုင်ငံ၊ ဥပမာ ထိုင်းနယ်စပ်မှာ ဆိုလို့ရှိရင် ကျနော်တို့ မဲဆောက်ကနေ ဝင်တဲ့လမ်းရှိတယ်။ ဟိုဖက်က မဲဆိုင်ကနေ ဝင်တဲ့လမ်းရှိတယ်။ ကော့ကရိတ်က ဝင်တဲ့လမ်းရှိတယ်။ အဲဒီ တရားဝင် ဝင်ထွက်ခွင့်လမ်းထားတဲ့ Legal Routes တွေကနေ ဝင်တဲ့လမ်းကြောင်းတွေမှာ ပိုပြီးတော့မှ စိစစ်မှုတွေကို ဂရုစိုက်ဆောင်ရွက်တယ်။ တခြား international airports တွေမှာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် အဲဒီမှာ ဝင်တဲ့ဟာတွေကို ကျနော်တို့ စစ်တဲ့ဟာတွေရှိတယ်။ Interpol Channel ကနေပြီးမှ ပြစ်မှုနဲ့ပတ်သက်ပြီးမှ ကျူးလွန်တဲ့ Data တွေအားလုံး သူတို့မှာရှိတယ်။ အဲဒီ Data တွေကို အင်တာနက်နဲ့ တခါတည်းဆက်ပြီး တန်းစစ်၊ တန်းစစ် မိနစ်ပိုင်းအတွင်းမှာ ဒီကောင်တွေ ပတ်စ်ပို့အားဖြင့်သော်လည်းကောင်း၊ လက်ဗွေအချက်အလက် အားဖြင့်သော်လည်းကောင်း လူဆိုးစာရင်းဝင်၊ အကြမ်းဖက်စာရင်းဝင် စသဖြင့် အဲဒီလိုမျိုး စာရင်းဝင်ထားတဲ့လူ ပါလာတာနဲ့ ကျနော်တို့က ချက်ခြင်းသက်ဆိုင်ရာ နိုင်ငံကို အကြောင်းကြားတယ်။"

Al-Qaida ခေါင်းဆောင် Ayman al-Zawahiri က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက မူဆလင်တွေအတွက် Al-Qaida အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့အပြီး မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သူက ကြေညာထားတာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေကလည်း အဲဒီလို ပြောဆိုခဲ့ပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်မှာပါ လုံခြုံရေးတိုးမြှင့်မှုတွေ တောက်လျှောက် လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အခုလို အကြမ်းဖက် ခြိမ်းခြောက်မှု ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးဆိုပြီးတော့လည်း သူ့ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။

XS
SM
MD
LG