သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကူညီရေးသင်္ဘော ဆိပ်ကမ်းကပ်ရေး အငြင်းပွားဆဲ


ဂါဇာကမ်းမြောင်ဒေသကိုပို့မယ့် အကူအညီ ပစ္စည်းတွေ တင်ဆောင်လာတဲ့ လစ်ဗျားသင်္ဘော ရေယာဉ်မှူးက အီဂျစ်ဆိပ်ကမ်းကို သွားမယ်လို့ ပြောခဲ့ကြောင်း အစ္စရေး အရာရှိတွေက ဆိုပါတယ်။ ဒါပေမဲ့ သင်္ဘောကတော့ ပါလက်စတိုင်းဒေသကို ဦးတည်နေဆဲ ဖြစ်တဲ့အကြောင်း လစ်ဗျား စည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။

အစ္စရေးက လမ်းကြောင်းပြောင်းဖို့ တောင်းဆိုတဲ့အတိုင်း လိုက်နာပြီး အနီးက အီဂျစ်ဆိပ်ကမ်းမြို့ အယ်အာရစ်ရှ်ကို ခုတ်မောင်းသွားမယ်လို့ ကျူးဘားနိုင်ငံဖွား ရေယာဉ်မှူးက အစ္စရေးရေတပ်ကို ပြောခဲ့တာပါ။ ဂါဇာကို ကပ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစ္စရေးရေတပ်က ရေယာဉ်မှူးကို အစောပိုင်းက အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဂရင်းနစ်ချ် စံတော်ချိန် ည ၉ နာရီ နောက်ဆုံးထားပြီး အယ်အာရစ်ရှ် ဆိပ်ကိမ်းကို လမ်းကြောင်း ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ် အင်အားအသုံးပြုပြီး သင်္ဘောကို သိမ်းမယ်လို့ အစ္စရေးဆီက အင်္ဂါနေ့ အစောပိုင်းမှာ သတိပေးခဲ့တာကို သင်္ဘောက ရရှိခဲ့ပါတယ်လို့ ကဒါဖီ နိုင်ငံတကာ လှူဒါန်းကူညီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ယူဆက်ဖ် ဆာဝါနီ (Youssef Sawani) က ပြောပါတယ်။

အမ္မာလ်သီယာ (Amalthea) အမည်ရှိတဲ့ သင်္ဘောဟာ ဂါဇာကို ဦးတည်နေပြီး အစ္စရေးအမိန့်ကို လိုက်နာလိမ့်မယ် မဟုတ်ဘူးလို့ ဆာဝါနီက ဆိုပါတယ်။

ရာဇသံပေးခဲ့တယ် ဆိုတာကို အစ္စရေး ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်ပြီး မော်လ်ဒိုဗန် (Moldovan) အလံလွှင့်ထားတဲ့ သင်္ဘောဟာ စစ်ရေးဇုန်ထဲဝင်ဖို့ ကပ်နေပြီလို့သာ ရေတပ်က သတိပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG