သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး ကုလ အဆိုပြုချက် အစ္စရေး ပယ်ချ


ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေဆီ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ သွားကြတဲ့ သင်္ဘောတွေကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးပြီး ဟန့်တားခဲ့လို့ လူသေဆုံးမှု ဖြစ်ခဲ့ရတဲ့ ကိစ္စကို နိုင်ငံစုံ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ အဆိုပြုချက်ကို အစ္စရေးက ငြင်းပယ်လိုက်ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အစ္စရေး အစိုးရအဖွဲ့ အစည်းအဝေးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က သူ့ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ ဘန်ကီမွန်းကို အသိပေးခဲ့ပြီးပြီလို့ ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတခု လုပ်မယ်ဆိုရင် လိုအပ်ချက်တွေက တာဝန်ခံနိုင်ဖို့နဲ့ အရှိကို အရှိအတိုင်း တင်ပြနိုင်ဖို့ပဲလို့ မစ္စတာ ဘန်ကီမွန်းကို သူပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အစ္စရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ကယ် အိုရန် (Michael Oren) ကတော့ အစ္စရေးဟာ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးအတွက် ညွှန်ကြားပိုင်ခွင့် ရှိသလို ကိုယ်တိုင်လည်း လုပ်နိုင်စွမ်း ရှိပါတယ်လို့ Fox သတင်းဌာနကို ပြောခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့ အဆိုပြုချက်ကတော့ အရင် နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဂျော်ဖရီ ပါလ်မာ (Geoffrey Palmer) ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို လက်ခံဖို့ ဖြစ်ပါတယ်။

အစ္စရေး ကွန်မင်ဒိုတပ်ဖွဲ့ရဲ့ ဟန့်တားမှုကြောင့် ပါလက်စတိုင်းအရေး ထောက်ခံသူ ၉ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ တူရကီနိုင်ငံသား ၈ ဦး ပါဝင်ပါတယ်။ ဒီကိစ္စကြောင့် တူရကီ အပါအဝင် နိုင်ငံ တော်တော်များများက အစ္စရေးကို မကျေမနပ် ဖြစ်နေကြပါတယ်။

XS
SM
MD
LG