သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာသွားမည့် လစ်ဗျားသင်္ဘော အစ္စရေး သတိပေး


ပါလက်စတိုင်းဒေသကို သွားဖို့ ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားတဲ့ အစ္စရေး ရေတပ်ကို တွန်းလှန် ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ လစ်ဗျား ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောကို အစ္စရေးက သတိပေးလိုက်ပါတယ်။

ဒီသင်္ဘောဟာ အီဂျစ်နိုင်ငံပိုင် ဆိပ်ကမ်းမှာ သူ့ကုန်ပစ္စည်းတွေကို ချနိုင်တယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။ တကယ်လို့ ဂါဇာဒေသကို ကပ်ဖို့ ကြိုးစားတာနဲ့ အစ္စရေး ရေတပ်ရဲ့ ကြားဖြတ် တားဆီးတာကို ခံရမယ်လို့ ဆိုပါတယ်။

သင်္ဘောကို ပစ္စည်းတွေ တင်လာတဲ့ လစ်ဗျား လူမှုကူညီရေး အဖွဲ့က အရာရှိတွေကတော့ သူတို့ဟာ ပါလက်စတိုင်း ဆိပ်ကမ်းအထိ ရောက်အောင် ပို့ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောဟာ ဂရိနိုင်ငံကနေ စနေနေ့က စတင်ပြီး နာရီ ၇၀ လောက် ကြာမယ်လို့ ခန့်မှန်းပြီး ထွက်ခွာလာတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဂရိ အရာရှိတွေကတော့ သံတမန်ရေး ဆွေးနွေးခဲ့ပြီးနောက်မှာ ဒီသင်္ဘောဟာ အီဂျစ်နိုင်ငံ အယ်လ် အရစ်ရှ် ဆိပ်ကမ်းကို ဦးတည်သွားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာ တူရကီ သင်္ဘောပေါ်က ပါလက်စတိုင်း လိုလားသူ ၉ ဦး အသတ်ခံခဲ့ရတဲ့ အစ္စရေးက သင်္ဘောတွဲတွေကို ကြားဖြတ် တားဆီးမှုကြောင့် နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန်တာကို ခံခဲ့ရပါတယ်။ ဒါဟာ ရဟတ်ယာဉ်နဲ့ အစ္စရေး အသေခံတပ်တွေ ဝင်ရောက် စီးနင်းတဲ့အချိန်မှာ သင်္ဘောပေါ်က တိုက်ခိုက်လာတာမို့ ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်ခဲ့တာလို့ အစ္စရေးက ရှင်းလင်းခဲ့ပါတယ်။

XS
SM
MD
LG