သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး ဝန်ကြီးဟောင်း Naoto Kan ဂျပန် ဝန်ကြီးချုပ်ဖြစ်


ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟက်တိုးယာမ (Yukio Hatoyama) နဲ့ သူ့ရဲ့အစိုးရ တဖွဲ့လုံး တရားဝင် နှုတ်ထွက်ပြီးတဲ့နောက်မှာ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး နာယိုတို ကန် (Naoto Kan) ကို ဝန်ကြီးချုပ်အဖြစ်နဲ့ ဂျပန်လွှတ်တော်က ရွေးကောက် တင်မြောက်လိုက်ကြပါတယ်။ သူ့ရဲ့ ဂျပန် ဒီမိုကရက်တစ်ပါတီက အမတ်နေရာအများဆုံးရရှိ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ထောက်ခံမဲ ၃၁၃ မဲကို မစ္စတာ ကန် ရရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဖက် အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ဆာဒါကာဇူ တနီဂါကီ (Sadakazu Tanigaki) ကတော့ ၁၁၆ မဲပဲ ရရှိခဲ့ပါတယ်။ သူ့ကို ဝန်ကြီးချုပ်အဖြစ် မရွေးချယ်ခင် သောကြာနေ့ အစောပိုင်းတုန်းကတော့ မစ္စတာ ကန်ကို ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ သူ့အနေနဲ့ ဂျပန်နိုင်ငံရဲ့စီးပွားရေး ပြန်လည် ဦးမော့လာအောင်နဲ့ ငွေကြေးပမာဏ လျော့ကျနေတာကို ထိန်းချုပ်နိုင်အောင် ဗဟိုဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အောက်ခြေ လူတန်းစားဘဝကနေ တက်လာတဲ့ မစ္စတာကန်က ပြောပါတယ်။

ဂျပန်နိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွားလိုတဲ့အကြောင်း လွှတ်တော်က သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြောက်ခြင်း မလုပ်ခင် မစ္စတာကန်က လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်အသစ်အနေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ငွေကြေးပမာဏ လျော့ကျနေတာကို ထိန်းချုပ်နိုင်ဖို့နဲ့ ဂျပန်အစိုးရ တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ သံတမန်ရေး ဆက်ဆံရေးတွေ၊ အထူးသဖြင့်တော့ ဂျပန့်လုံခြုံရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးမှာ အရေးပါတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG