သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော် အမတ် Jim Webb မြန်မာနိုင်ငံ ထပ်သွားမည်


အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်
အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ လာမယ့် မေလ၂၉ ရက်နေ့က စပြီး ဇွန်လ ၆ ရက်နေ့အထိ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေအပြင် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ အမေရိကန် သံအရာရှိတွေ၊ မြန်မာအစိုးရ အရာရှိတွေ၊ စစ်ဖက်ဆိုင်ရာ အရာရှိတွေအပြင် စီးပွားရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဥက္ကဌအနေနဲ့ မြန်မာနိုင်ငံကို အခု သွားရောက် တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြား ဆပ်ကော်မတီ ဥက္ကဌလည်းဖြစ်၊ ဗာဂျီးနီးယားပြည်နယ်က အထက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဂျင်မ် ဝက်ဘ်ဟာ ကိုရီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုတော့ ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ သွားရောက်ဖို့ရှိပြီး နေပြည်တော်ကို သွားရောက်ဖို့ ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်အရ သိရပါတယ်။

အထက်လွှတ်တော် အမတ် ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နှစ်သြဂုတ်လ ၁၅ ရက်နေ့က ပထမတခေါက် သွားရောက်ခဲ့ပါတယ်။ ထိုစဉ်က နေပြည်တော်ကို သွားရောက်ခဲ့ရာမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပထမဆုံးသော ထိပ်တန်းအမေရိကန် နိုင်ငံရေး ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

သူ့ရဲ့ အဲဒီခရီးစဉ်အတွင်းမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်းလျားကန်နံဘေးရှိ နေအိမ်ကို ကျုးကျော်ဝင်ရောက်လာတဲ့ အတွက်ကြောင့် ထောင်ဒဏ် ၇ နှစ် စီရင်ခြင်းခံနေရတဲ့ အမေရိကန်နိုင်ငံသား John Yettaw လွတ်မြောက်ရေးအတွက်လည်း အထက်လွှတ်တော်အမတ် ဝက်ဘ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် ဝက်ဘ်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးပြီး ဆက်ဆံရေးမူဝါဒကို ကျင့်သုံးဖို့ ထောက်ခံအားပေး ခဲ့တာလည်း ဖြစ်ပါတယ်။ USCB ခေါ် အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ရဲ့ ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင်ကတော့ မစ္စတာဝက်ဘ်ရဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် ဒုတိယခရီးစဉ်နဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

"ကျနော်တို့ မြင်တာကတော့ ကောင်းတဲ့ခရီးစဉ် မဟုတ်ဘူးပေါ့ဗျာ။ ဒီ ဆီနိတ်တာ ဝက်ဘ်ရဲ့ သဘောထားကလည်း အားလုံး သိပြီးသား ဖြစ်တဲ့အတိုင်းပဲလေ၊ သူက နအဖ စစ်အစိုးရကို အမေရိကန်အစိုးရက အသိအမှတ် ပြုစေချင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ စစ်အစိုးရကို ဖိအားပေးလို့ရှိရင် စစ်အစိုးရက တဖြည်းဖြည်းနဲ့ တရုတ်လက်အောက်ကို ရောက်သွားလိမ့်မယ်။ အဲတော့ တရုတ်လက်အောက်က ဆွဲထုတ်ဖို့အတွက် နအဖ စစ်အုပ်စုကို ပျော့ပျော့ပြောင်းပြောင်း ညင်ညင်သာသာ ချဉ်းကပ်ရမယ်။ sanction အပါအဝင် ပိတ်ဆို့တာတွေကို ရုပ်သိမ်းပြီးတော့ ရင်းနှီးစွာ ဆက်ဆံရမယ်။ နအဖ လုပ်တဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြု ထောက်ခံသင့်တယ် စသဖြင့် ဒါ သူ့ရဲ့ မူဝါဒ သူ့ရဲ့ ပေါ်လစီကိုး။ ဆိုတော့ အဲဒီဟာကို ခု တစ်ခေါက်ထပ်သွားလည်း ဒါကိုပဲ ဦးစားပေးမှာပဲလေ။ မြန်မာ့ ဒီမိုကရေစီ အင်အားစု အတွက်တော့ ဝက်ဘ် ရဲ့ ခရီးစဉ်က ကောင်းတဲ့ ခရီးစဉ် မဟုတ်ပါဘူး။ နအဖ အတွက်ကျတော့လည်း ပျော်စရာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီလောက် နိုင်ငံတကာ ဖိအားပေးမှုတွေ ကြီးမားနေတဲ့ကြားက အမေရိကန် ဆီနိတ်တာ တစ်ယောက်က သူ့ကို လာ အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲကို တအံ့တသြ အားပေးထောက်ခံမယ် ဆိုတော့ သူ့အတွက်တော့ ပျော်စရာကြီး ဖြစ်မှာပေါ့နော်။"

ဒါ့အပြင် နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရနိုင်ဖွယ် ရှိတယ်လို့ ဦးအောင်ဒင် က ခန့်မှန်း ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာရော၊ အစိုးရမှာရော၊ ချမှတ်ထားတဲ့ စည်းကမ်းချက်တစ်ခု က အဲဒီ ကွန်ဂရက် ခေါင်းဆောင် တစ်ယောက်ဖြစ်စေ၊ အစိုးရ ခေါင်းဆောင်တစ်ယောက်ဖြစ်စေ၊ မြန်မာနိုင်ငံကို သွားကြမယ် ဆိုရင်၊ အဓိက က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ရရမယ်။ တွေ့ခွင့် မရရင် မသွားရဘူး ဆိုတဲ့ မူဝါဒ သဘောထား ရှိပါတယ်။ Kurt Campbell ရဲ့ ခရီးစဉ် မှာ လည်း အဲဒီလို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရမှသာ မြန်မာနိုင်ငံ ကို သွားတာပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့နေရာမှာ ဆုံးဖြတ်မှာ က ၂ ပိုင်းပေါ့လေ။ တစ်ခုကတော့ န၊အ၊ဖ ကိုယ်နှိုက် က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီပုဂ္ဂိုလ်တွေကို တွေ့ဆုံခွင့် ပေးမပေး ဆိုတဲ့ အပိုင်း၊ ဒုတိယ အပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကကော လက်ခံတွေ့မတွေ့ ဆိုတဲ့ အပိုင်း ၂ ပိုင်း ရှိတာပေါ့။ ကတ်ကမ်းဘဲလ် ကျတော့ တော်တော် ကို တောင်းဆိုရတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် မပေးရင် မလာဘူး ဆိုတဲ့အခါကျမှ န၊အ၊ဖ က လိုက်လျောပြီးမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ပေးရတာ။ အခု ဆီနိတ်တာ ဝက်ဘ် ကျတော့ အရင်တစ်ခေါက်တုံးကလည်းဘာမှ တောင်းဆိုစရာ မလိုဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်နှိုက် က ပျူပျူငှါငှါ လက်ခံတွေ့ဆုံတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပေးတယ်။ ဆိုတော့ အခုတစ်ခေါက်လာတဲ့ အချိန်မှာတော့ စီနေတာ ဝက်ဘ် ဟာ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေပေါ်မှာ ကောင်းကျိုးပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တာမို့ ဒေါ်အောင်ဆန်းစုကြည် က လက်ခံတွေ့ဆုံခြင်းမပြုဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မြန်မာ စစ်အစိုးရ အနေနဲ့ ဒီနှစ်အတွင်း ကျင်းပပေးမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲများမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး ပုဂ္ဂိုလ်တွေ လက်ခံဖို့ မလိုဘူး အစရှိတဲ့ နိုင်ငံတကာ က သဘောမတွေ့တဲ့ လုပ်ရပ်တွေ ကို ထူတ်ဖော်ပြောဆိုခဲ့ပြီး၊ ရွေးကောက်ပွဲ နဲ့ နိုင်ငံတကာ ရဲ့ ဝေဖန်မှု ကို ခံနေရချိန်မှာ အခုလို ဝက်ဘ် က မြန်မာ နိုင်ငံ ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ ရဲ့ ခရီးစဉ် ဟာ တရုပ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ် နဲ့ အဝင်အထွက် ဖြစ်မယ်လို့လည်း သိရပါတယ်။



XS
SM
MD
LG